ပေါက်ခေါင်း မတ် ၃
ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် တောင်သူများ စိုက်ပျိုးထားရှိသည့် မတ်ပဲစိုက်ခင်းများ အထွက်နှုန်း ကောင်းမွန်ပြီး ရောင်းချချိန်တွင် ဈေးကောင်းရရှိသဖြင့် တောင်သူများအဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဆောင်းသီးနှံမတ်ပဲကို တောင်သူများအနေဖြင့် နှစ်စဉ်မိုးစပါးရိတ်သိမ်းပြီး မြေအစိုဓာတ် ကျန်ရှိနေချိန်တွင် မိမိတို့၏လယ်ယာမြေများတွင် သီးသန့်စိုက်ပျိုးကြကြောင်း၊ မှန်ကန်သည့် စိုက်ပျိုးနည်းစနစ်များ၊ မျိုးကောင်းမျိုးသန့်များနှင့် နိုဝင်ဘာလအတွင်း အပြီးသတ် စိုက်ပျိုးနိုင်ပါက အထွက်နှုန်းကောင်းမွန်ပြီး အကျိုးအမြတ်များရရှိနိုင်ကြောင်း မတ်ပဲသီးနှံ နှစ်စဉ်စိုက်ပျိုးသည့် တောင်သူတစ်ဦးထံမှသိရသည်။
“ခုနှစ်ကအသီးအပွင့်အားကောင်းပြီး အထွက်နှုန်းလည်းကောင်းတယ်၊ ရောင်းချချိန်မှာလည်း ဈေးကောင်းရရှိပါတယ်၊ သွင်းအားစုတွေလည်း ဈေးနှုန်းမြင့်ဝယ်ရတယ်- အပင်အားဆေး၊ အသီးအားဆေးနဲ့ ပိုးသတ်ဆေးတို့အသုံးပြုရတယ်၊ နောက်ပြီးမတ်ပဲပေါ်ချိန်မှာ ရိတ်သိမ်း၊ ခြွေလှေ့စရိတ်တွေ အသုံးပြုရတယ်၊ အထွက်နှုန်းက ပျမ်းမျှတစ်ဧကကို တင်း ၂၀ ကျော် ထွက်ရှိတယ် အထွက်နှုန်းကောင်းတော့အမြတ်အစွန်းကျန်ပါတယ်” ဟုစောကဲကျေးရွာမတ်ပဲ စိုက်တောင်သူတစ်ဦးက ပြောကြားသည်။
ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း ဆောင်းသီးနှံမတ်ပဲ ၁၂၈၄၁ ဧက စိုက်ပျိုးထားနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)