ဇီးကုန်း မတ် ၃
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် မီးသတ်ဦးစီးဋ္ဌာနမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲများ ကျင်းပပြုလုပ်မည့်စာစစ်ဋ္ဌာနများတွင် မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်းနှင့် အသိပညာပေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
မြို့နယ်မီးသတ်ဦးစီးမှူး(ယာယီ) ဒု-မီးသတ်ဦးစီးမှူး ဦးသက်လွင် ဦးဆောင်၍ လက်ထောက်မီးသတ်ဦးစီးမှူး ဦးဝင်းကြိုင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် အ.ထ.က(ဇီးကုန်း) ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီမြင့်နှင့်အတူ စာစစ်ဋ္ဌာန ဖွင့်လှစ်ဆောင်ရွက်မည့် အ.ထ.က(ဇီးကုန်း)ကျောင်း၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးချိတ်၊ မီးကပ်၊ မီးသတ်ဆေးဘူးများ ပြင်ဆင် ဆောင်ရွက်ထားရှိမှုများ၊ ရေကန်များတွင် ရေဖြည့်တင်းဆောင်ရွက်ထားရှိမှုများ၊ လျှပ်စစ် မီးကြိုး သွယ်တန်းထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး၊ မီးဘေးလုံခြုံရေးအတွက် ကျောင်းပတ်ဝန်းကျင်တွင် အမှိုက်သရိုက်များ ရှင်းလင်းထားရှိရန်၊ ရေစင်များရေကန်များတွင် ရေဖြည့်တင်းဆောင်ရွက်ထားရှိရန်နှင့် အခန်းတိုင်းတွင် မီးသတ်ဆေးဘူးများ အဆင်သင့် ထားရှိရန်တို့ကို အကြံပြုပြောကြားခဲ့သည်။
မတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဇီးကုန်းမြို့နယ်တွင် အ.ထ.က-ဇီးကုန်း စာစစ်ဋ္ဌာနနှင့် အ.ထ.က-လေးမျက်နှာစာစစ်ဋ္ဌာန၊ စာစစ်ဋ္ဌာန နှစ်ခု ဖွင့်လှစ်ထားရှိ၍ အ.ထ.က-ဇီးကုန်းတွင် ကျား ၁၁၆ ဦး၊ မ ၁၂၈ ဦး ပေါင်း(၂၄၄)ဦးနှင့် အ.ထ.က လေးမျက်နှာတွင် ကျား ၂၅ ဦး၊ မ ၃၆ ဦး၊ ပေါင်း(၆၁)ဦး၊ စုစုပေါင်း(၃၀၅)ဦး ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)