မော်လိုက် မတ် ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ တောင်သူလယ်သမားနေ့အား ဂုဏ်ပြုသောအားဖြင့် ဟင်းသီး၊ ဟင်းရွက်၊ သစ်သီးဝလံပြပွဲ၊ ပြိုင်ပွဲနှင့် သီးနှံမျိုးစေ့ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၈) နာရီအချိန်က စုပေါင်းရုံးကြီးရှေ့တွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလွင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ကြွယ်ကြွယ်လှိုင်က ဟင်းသီး၊ ဟင်းရွက်၊ သစ်သီးဝလံပြပွဲ၊ ပြိုင်ပွဲနှင့် သီးနှံမျိုးစေ့ထောက်ပံ့ ပေးအပ်ပွဲနှင့်ပတ်သက်၍ တောင်သူများ အရည်အသွေးကောင်းတဲ့ ဟင်းသီး၊ ဟင်းရွက်၊ သစ်သီးဝလံများ ပိုမိုထုတ်လုပ်ဖြန့်ဖြူးနိုင်စေရန်၊ သီးနှံအရည်အသွေးများကို နားလည်စေရန်နှင့် စိုက်ပျိုးထားသည့်သီးနှံများ ပိုမိုဖြစ်ထွန်းစေရေး စောင့်ရှောက်တတ်စေရန်၊ ငုံ့ရှိုးနေတဲ့အရည်အသွေးတွေကို ပိုမိုသိရှိပြီး ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အသီးအနှံများ စိုက်ပျိုးထုတ်လုပ်ခြင်းအားဖြင့် လူနေမှုဘ၀တွေအားလုံး သာယာဝပြော ကျန်းမာ ပျော်ရွှင်မှု ပိုင်ဆိုင်ပြီး စသည့်ရည်ရွယ်ချက်များကို ပြောကြားသည်။
ဆက်လက်ပြီး ၎င်းပြပွဲတွင် ဌက်ပျော၊ ဖရဲသီး၊ ဘူးသီး၊ မြေပဲ၊ နေကြာ၊ ခရမ်းချဉ်သီး၊ ခရမ်းသီးနှင့် ပြောင်းဖူးစသည့် သီးနှံများအကောင်းဆုံးဖြစ်ထွန်းအောင် စိုက်ပျိုးနိုင်ခဲ့သည့် တောင်သူလယ်သမားများကို ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အထူးဆုများကို အသီးသီးချီးမြှင့်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တောင်သူလယ်သမားများ တက်ရောက်ခဲ့ကြသည်။ ထို့နောက် ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ခင်းကျင်းရောင်းချပေးသည့် ဟင်းသီး၊ ဟင်းသီးရွက်များကို တက်ရောက်လာသူများက ဝယ်ယူအားပေးခဲ့ကြကြောင်း သိရသည်။
အခမ်းအနားသို့ တက်ရောက်လာသည့် ညောင်ဝန်းကျေးရွာမှ တောင်သူဦးမြင့်ဆွေကလည်း “ကျွန်တော်ကတော့ သီးနှံ (၁၀) မျိုးလာပြိုင်တာပါ၊ (၇)ဆုရပါတယ်၊ ကျွန်တော်တို့တောင်သူအနေနဲ့ လယ်ယာပြီးချိန်မှာ ဆောင်းသီးနှံကို စီးပွားရေးတစ်ရပ်အနေနဲ့ သီးနှံအမယ်စုံကို စိုက်ပျိုးဖြစ်ပါတယ်။ ပြီးတော့ စိုက်ပျိုးရေးဌာနက နေကြာမျိုးစေ့ကို ထောက်ပံ့ပေးတာမို့ စိုက်ပျိုးထားပါတယ် အောင်မြင်မှုတွေလည်းရရှိပါတယ်။ ကျန်တောင်သူအနေနဲ့လည်း ထောက်ပံ့မှုရှိတော့ စိတ်ဝင်စားစွာနဲ့ စိုက်ပျိုးကြတယ်၊ ဒီနှစ်မှာဆိုရင် မုန်လာထုပ်ဧကဝက်စိုက်တာဟာ (၁၀) သိန်း၊ မုန်လာပွင့်ဆို သိန်း(၂၀)လောက်ရောင်းရတယ်၊ ပဲစိမ်းစားဉ (၃) ပြည် လောက်စိုက်တာ ဈေးကွက်အနေနဲ့တော့ ဒီနှစ်မှာမမျှော်လင့်ဘဲကို ရရှိပါတယ်၊ နယ်ထဲမှာ ရောင်းမကုန်တဲ့အခါတွေဆိုလည်း မော်လိုက်ဈေးထဲဆိုရင် ပါသလောက်ကုန်ပါတယ်၊ ယခုလိုပြိုင်ပွဲလေးတွေလုပ်ပေးတော့ ကျွန်တော်တို့တောင်သူတွေအနေနဲ့ မိမိစီးပွားရေးအတွက်သာမက အားပေးချီးမြောက်တဲ့အတွက် ဝမ်းသာရတာပေါ့၊ လာမည့်နှစ်တွေလည်း ကြိုးစားပြီးစိုက်ပျိုးသွား အုံးမှာပါ့’’ ဟု ပြောကြားသွားသည်။
ခရိုင် (ပြန်/ဆက်)