ဘားအံမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများအား သက်သာသောဈေးနှုန်းဖြင့် ဆန်နှင့်ဆီများ ဖြန့်ဖြူးရောင်းချပေး

ဘားအံ မတ် ၃

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများအား သက်သာချောင်ချိရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ ကရင်ပြည်နယ် သမဝါယမဦးစီးဌာန၏ အစီအစဉ်ဖြင့် နိုင်ငံ့တာဝန်ထမ်းဆောင်နေသော ဌာနဆိုင်ရာဝန်ထမ်းများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်နှင့် သက်သာချောင်ချိရေးကို ရှေးရှု၍ ၂၀၂၃ ခုနှစ်၊ မတ်လမှစတင်ပြီး လစဉ်ပထမပတ်အတွင်း လကုန်ပေးစနစ်ဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရသည်။

ဆန်နှင့်ဆီများ ရောင်းချပေးရာတွင် သမဝါယမ၏ ဦးတည်ချက်၊ ရည်မှန်းချက်အစီအစဉ်များနှင့်အညီ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဖြင့် ရယူဆောင်ရွက်လျက်ရှိသော ဘားအံမြို့နယ်ရှိ ဆန်စက်လုပ်ငန်းရှင်များ သမဝါယမအသင်းနှင့် စန်းပွင့်ဆီစက်လုပ်ငန်းရှင်များ သမဝါယမအသင်းတို့မှ ဒေသတွင်းထုတ်လုပ်သည့် ဆန်နှင့်ဆီများအား ပြင်ပပေါက်ဈေးထက် သက်သာသောနှုန်းထားဖြင့် မတ်လ (၁) ရက်နေ့က ဆန်(၄၆၆)အိတ်၊ တန်ဖိုး(၂၇၈၁၅၃၇၆)ကျပ်အားလည်းကောင်း၊ မြေပဲဆီ (၇၀၀.၅) ပိဿာတန်ဖိုး (၉၆၆၆၉၀၀) ကျပ်အားလည်းကောင်း စုစုပေါင်းတန်ဖိုး(၃၇၄၈၂၂၇၆)ကျပ်အား လကုန်ပေးစနစ်ဖြင့် ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ရောင်းချပေးခြင်းဖြင့် ပြင်ပပေါက်ဈေးထက် ဆန်တစ်ပြည်၊ မြေပဲဆီတစ်ပိဿာလျှင် ငွေကျပ် ၅၀၀ ဝန်းကျင်ခန့်လျော့နည်း၍ ရောင်းချပေးနိုင်ခဲ့ပြီး စုစုပေါင်းတန်ဖိုးကျပ်(၅၉၄၂၂၅၀)အား သက်သာအောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ပြည်နယ်သမဝါယမဦးစီးဌာနမှ သိရှိရသည်။

ခရိုင် (ပြန်/ဆက်)