ဖျာပုံ ဖေဖော်ဝါရီ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဖျာပုံမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် စာပေဝါသာရှင်များ ပူးပေါင်း၍ လူအများပူးပေါင်းကာ စုပေါင်းဆွေးနွေးတတ်သော အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရန်နှင့် စာအုပ်စာပေ၏ အကျိုးကျေးဇူးကို ရစေလိုသော ရည်ရွယ်ချက်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နေ့လယ် ၁၂ နာရီအချိန်က ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ဖျာပုံမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club အသင်း ဥက္ကဋ္ဌ စာရေးဆရာ ဇေယျာဘုန်းမြင့်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စာရေးဆရာ မောင်ယဉ်မိုးက စာရေးဆရာ ခင်မောင်ညို (ဘောဂဗေဒ) ရေးသားသော "ဝန်ဆောင်မှု ကုသိုလ်နှင့် အယ်ဒီတာအတွေးများ" စာအုပ်မှ "စာဖတ်စေလိုသူ" အမည်ရှိ ဆောင်းပါးမှ စာဖတ်ခြင်းဟာ ကိုယ်အကျိုးအတွက်ရရှိစေပြီး အများအကျိုးအတွက် တိုင်းပြည်အတွက် လိုအပ်နေရာမှာ ဖြည့်ဆည်းပေးတတ်သလို ဝမ်းဗိုက်ကို အာဟာရရှိတဲ့ အစားအစာတွေ ကျွေးရသလို ဦးနှောက်ကိုလည်း အရသာရှိတဲ့ စာကောင်းပေမွန်တွေ ကျွေးရကြောင်း၊ စာဖတ်ရခြင်းမှ ရရှိသော အကျိုးကျေးဇူးများနှင့် စာဖတ်ရာတွင် စာကို နှလုံးသားနဲ့ဖတ်ပြီး ဦးနှောက်နဲ့ မှတ်ရမှာ ဖြစ်ကြောင်း၊ စာပေကို ဖတ်ရှုရာတွင် ဘယ်နေရာ ဘယ်ဒေသပဲ ရောက်ရောက် စာဖတ်ကြရမည်ဖြစ်ကြောင်း အသေးစိတ် ဖတ်ကြားရှင်းလင်း ဆွေးနွေးသည်။
ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာသော စာပေဝါသနာရှင်များက စာရေးဆရာခင်မောင်ညို (ဘောဂဗေဒ)ရေးသားသော "ဝန်ဆောင်မှု ကုသိုလ်နှင့် အယ်ဒီတာအတွေးများ" အမည်ရှိစာအုပ်မှ "စာဖတ်စေလိုသူ" အမည်ရှိ ဆောင်းပါးအား တစ်ဦးချင်းအလိုက် မိမိတို့၏ ထင်မြင်ယူဆချက်များ အား ဆွေးနွေးမှုများပြုလုပ်ခဲ့ကြပြီးနောက် Book Club အသင်းဥက္ကဋ္ဌက နိဂုံးချုပ် ကျေးဇူးတင်စကား ပြောကြားကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ဖျာပုံ)