ဒေးဒရဲမြို့၌ မြစိမ်းရောင်စီမံကိန်းနှင့် ငွေစာရင်း ထိန်းသိမ်းနည်းသင်တန်းဖွင်လှစ်

ဒေးဒရဲ မတ် ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက မြစိမ်းရောင်ကျေးရွာ စီမံကိန်းဆောင်ရွက်လျက်ရှိသည့် ကျေးရွာများမှ အသင်းဝင် များအား မြစိမ်းရောင်စီမံကိန်း စီမံခန့်ခွဲမှုနှင့် ငွေစာရင်း ထိန်းသိမ်းနည်းသင်တန်းကို ယနေ့နံနက် (၁၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ပို့ချ ပေးလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ ဒေးဒရဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးကျော်စွာမြင့်က မြစိမ်းရောင်စီမံကိန်းဆောင်ရွက်လျက်ရှိသည့် ကျေးရွာများက အသင်းဝင်များအား လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများ မဖြစ်ပေါ်စေရေးအတွက် သင်တန်းကို ဖွင့်လှစ်ပေးရခြင်း ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူများအနေဖြင့် မရှင်းလင်းသည့် အချက်များကို မေးမြန်း ဆွေးနွေးသွားကြရန် မှာကြားခဲ့ပြီး ဒုတိယဦးစီးမှူး ဦးကျော်မင်းထက်က မြစိမ်းရောင် စီမံကိန်းဆောင်ရွက်လျက်ရှိသည့် အဖွဲ့များအား ကြွေးကျန်လျော့နည်းစေရေး၊ စီမံကိန်း စနစ်တကျ လည်ပတ်စေရေးနှင့် စာရင်းဇယားများ စနစ်တကျ ထိန်းသိမ်းနိုင်မည့် အချက်အလက်များကို ရှင်းလင်းပို့ချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းသို့ ဒေးဒရဲမြို့နယ်အတွင်းရှိ ကျေးရွာ (၇၉)ရွာက သင်တန်းသား၊ သင်တန်းသူ (၂၃၇)ဦး တက်ရောက် လေ့လာသင်ယူလျက်ရှိကြောင်း သိရသည်။

အေဇာလင်း