ဘိုကလေးမြို့နယ်မှ တက္ကသိုလ်ဝင်တန်း စာစစ်ဌာနများအား မီးဘေးလုံခြုံရေး ကြပ်မတ်စစ်ဆေး

ဘိုကလေး မတ် ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် စာမေးပွဲဖြေဆိုချိန်၌ မီးဘေးအန္တရာယ်ကြောင့် အနှောက်အယှက် ဖြစ်ပွားမှုမရှိစေရေးအတွက် ယနေ့နံနက်(၁၁)နာရီ အချိန်တွင် ဘိုကလေးမြို့ပေါ်ရှိ တက္ကသိုလ်ဝင်တန်း စာစစ်ဌာန (၂)ခုအား မီးဘေးလုံခြုံရေးဆိုင်ရာ စစ်ဆေးကြပ်မတ်မှုများ ဆောင်ရွက်ခဲ့သည်။

စစ်ဆေးကြပ်မတ်ရာတွင် ဘိုကလေးမြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းအောင်နှင့် တပ်ဖွဲ့ဝင်များမှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း တာဝန်ရှိသူများနှင့်အတူ ပူးပေါင်း၍ စာစစ်ဌာနများအတွင်း လျှပ်စစ်သွယ်တန်းထားမှု အခြေအနေများ၊ မီးချိတ်၊ မီးကပ်၊ မီးသတ်ရေကန်နှင့် မီးသတ်ဆေးဘူးထားရှိမှု အခြေအနေများ၊ စွန့်ပစ်အမှိုက်ကြောင့် မီးလောင်မှု မဖြစ်ပွားစေရေးအတွက် အမှိုက်စွန့်ပစ်မှု ဆိုင်ရာများအား စစ်ဆေးလမ်းညွှန် ကြပ်မတ်ခဲ့ကြသည်။

ဘိုကလေးမြို့နယ် အနေဖြင့် မြို့ပေါ် စာစစ်ဌာန(၂)ခုနှင့် ကျေးရွာအုပ်စုများတွင် စာစစ်ဌာန (၅)ခုရှိပြီး စစ်ဆေးရန် ကျန်ရှိသော ကျေးရွာအုပ်စုများမှ စာစစ်ဌာနများအား မီးဘေးလုံခြုံမှု ရှိစေရေး ဆက်လက်ကွင်းဆင်းကြပ်မတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

မိုးစက်(ဘိုကလေး)