ပွင့်ဖြူမြို့နယ်တွင် ဒေသခံပြည်သူများ သွားလာရေးအဆင်ပြေစေရန် ကျေးရွာချင်းဆက်ဂဝံမြေနီလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး

ပွင့်ဖြူ မတ် ၃

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာ(၅)ရွာမှ ဒေသခံ ကျေးလက်နေပြည်သူများ ရွာသီမရွေး အဆင်ပြေစွာ ကူးလူးဖြတ်သန်းသွားလာနိုင်ရန်အတွက် အကောင်အထည်ဖော်ဆောင်ရွက်သည့် ကျေးရွာချင်းဆက် ဂဝံမြေနီလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းမှာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်၍ ဒေသခံပြည်သူများ စိတ်အေး ချမ်းသာစွာဖြင့် သွားလာအသုံးပြုနေကြပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနရုံးမှ သိရသည်။ 

အဆိုပါ ကျေးရွာ(၅)ရွာအတွက် အကျိုးပြုမည့် ကျေးရွာချင်းလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်းကို ၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံ ငွေကျပ် ၆၆ ဒသမ ၅၀ သန်း အသုံးပြု၍ ပစ္စည်းတင်ဒါစနစ်ဖြင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနမှ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ပထမပတ်ကစတင်၍ ပွင့်ဖြူမြို့နယ် မုန်းဇလဲ-ကျောင်းကုန်းကြီး ဆက်သွယ် ဖောက်လုပ်ထားသည့် ကျေးရွာချင်းဆက်လမ်း အရှည်ပေ (၁)မိုင်နှင့် ပွင့်ဖြူမြို့နယ် အရှေ့လေး အိမ်ကျေးရွာ-လက်တံ(၁၁)သို့ ဖောက်လုပ်ထားသည့် မြေသားလမ်းအရှည်ပေ (၁)မိုင်၊ စုစုပေါင်း လမ်းအရှည်ပေ(၂)မိုင် အား ဂဝံမြေနီလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်း၊ ဖလံတောကျေးရွာနှင့် ရွာသာကြီးကျေးရွာချင်းဆက် လမ်းပေါ်တွင် အရှည်(၂၄)ပေ၊ အကျယ်(၅)ပေရှိ  Box Culvert (၃)စင်း တည်ဆောက်ခြင်းလုပ်ငန်း တို့ကို အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ကျေးရွာချင်းဆက်ဂဝံမြေနီလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးခဲ့ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ (ဦးစီးအရာရှိ - မြို့ပြ) ဒေါ်မိမိလွင်ထံက သိရသည်။

ယခင်က အဆိုပါ ကျေးရွာ(၅)ရွာမှ ဒေသခံပြည်သူများ သွားလာအသုံးပြုနေသည့်လမ်းသည် နှစ်စဉ် မိုးတွင်းကာလတွင် ဒေသခံပြည်သူများ ကူးလူးဖြတ်သန်းသွားလာရာ၌ ရွှံ့နုန်းများဖြစ်ပေါ်နေ၍ သွားလာရေးအခက်အခဲများ ကြုံတွေ့နေရလေ့ရှိကြောင်း သိရသည်။ ယခုနှစ်တွင် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာနေပြည်သူများ သွားလာရေး အဆင် ပြေစေရန်အတွက် ဂဝံမြေနီလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းနှင့် လမ်းရေရှည်အသုံးပြုနိုင်ရေးအတွက် ရေတိုက်စားမှုဒဏ် ကင်းဝေးစေရန် Box Culvert (၃)စင်း ထည့်သွင်း တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားပြီဖြစ်၍ ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကြီးကျေးရွာ၊ မုန်းဇလဲကျေးရွာ၊ ဖလံတောကျေးရွာ၊ ရွာသာကြီးကျေးရွာနှင့် အရှေ့လေးအိမ်ကျေးရွာတို့မှ အိမ်ခြေ ၂၃၃၈ အိမ်၊ လူဦးရေ ၁၁၆၁၈ ဦးအတွက် တစ်ရွာနှင့်တစ်ရွာ အဆင်ပြေစွာ ကူးလူးဖြတ်သန်းသွားလာနိုင်မည့်အပြင် လယ်ယာမြေများမှ ထွက်ရှိသော ဒေသထွက်ကုန်သီးနှံများကိုလည်း ဈေးကွက်သို့ အချိန်ကုန်လူပင်ပန်း သက်သာစွာဖြင့် တင်ပို့ရောင်းချသွားနိုင်မည်ဖြစ်၍ ဒေသခံပြည်သူများ ဝမ်းသာပျော်ရွှင် လျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )