မြို့သစ် မတ် ၃
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့သစ်မြို့အား အစဉ်အမြဲ သန့်ရှင်းသာယာလှပစေရန်နှင့် ပြည်သူများစည်းကမ်းတကျ အမှိုက်စွန့်ပစ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ မြို့ပြသန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ကြိုးပမ်းလုပ်ဆောင်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နေ့လည်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများသည် အမှိုက်သိမ်းယာဉ်တစ်စီးဖြင့် စည်ပင်သာယာစျေးအနီးမှ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးအတွက် သဲနုန်းနှင့်ရွှံနွံများဆယ်ယူရှင်းလင်းခြင်း၊ သစ်ရွက်ခြောက်များနှင့် အမှိုက်များဆယ်ယူရှင်းလင်းခြင်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ မြို့ပြသန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဆန်းဝင်း၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများပူးပေါင်းအဖွဲ့က အမှိုက်သိမ်းယာဉ်တစ်စီးဖြင့် မြို့တွင်းရေစီးရေလာကောင်းမွန်စေရေးအတွက် ဆောင်ရွက်ထားရှိသည့် စည်ပင်သာယာစျေးပတ်ဝန်းကျင်လမ်းဘေး(ဝဲ/ယာ)ရှိ အုတ်ရေနုတ်မြောင်းများရှိ သဲနုန်းနှင့်ရွှံ့နွံများ၊ သစ်ရွက်ခြောက်များနှင့် အမှိုက်သရိုက်များကို ရေစီးရေလာကောင်းမွန်စေရန်နှင့် ဒေသခံပြည်သူလူထု ကျန်းမာရေးဆိုးကျိုးအန္တရာယ်ကင်းဝေးစေရန် စနစ်တကျဆယ်ယူရှင်းလင်းခြင်း၊ လမ်းဘေးတစ်လျှောက်သန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခြင်းများစုပေါင်းဆောင်ရွက်ခဲ့ကြသည်။
မြို့သစ်မြို့နယ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေးအတွက် နေ့စဉ်အမှိုက်သိမ်းယာဉ်ဖြင့် မြို့ပေါ်(၅)ရပ်ကွက်အတွင်းနှင့် မြို့ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်စေရန် စည်းကမ်းမဲ့စွန့်ပစ်အမှိုက်များ ကောက်ယူရှင်းလင်းခြင်း၊ မြို့တွင်းရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်ခြင်း၊ မြို့တွင်းလမ်းဘေးပလက်ဖောင်းများ သစ်လွင်တောက်ပစေရန်ဆေးသုတ်ခြင်း၊ မြို့ပြလှပစေရန်အတွက် (We Love Myothit) ဆိုင်းဘုတ်စိုက်ထူခြင်း၊ မြို့တွင်းစိမ်းလန်းစိုပြည်စေရန်စိုက်ပျိုးထားရှိသော Flower Box များဆေးသုတ်ခြင်း နှင့်ပန်းအလှပင်များရေဖျန်းခြင်း၊ မြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ စည်ပင်သာယာဈေး၌ အပတ်စဉ် ဈေးသန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ပြည်သူလူထုစနစ်တကျ အမှိုက်စွန့်ပစ်နိုင်ရန်အမှိုက်များ လိုက်လံသိမ်းဆည်းပေးခြင်း စသည့်မြို့ပြသန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိထံမှ သိရသည်။
သန်းဝင်းထွန်း(IPRD)