သရက်ချောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး

သရက်ချောင်း စက်တင်ဘာ ၃၀

စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှုအစီအစဉ် CERP အရ ကျေးလက်ဒေသနေမိသားစုများ ဝင်ငွေလျော့နည်း လာမှုနှင့် စားဝတ်နေရေးအခက်အခဲများကိုကုစားပေးနိုင်ရန် Cash For Work စီမံကိန်းနှင့် ကျေးရွာမတည်ရန်ပုံ ငွေစီမံကိန်း VRFP တို့အား သရက်ချောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦး စီးဌာနမှ မြို့နယ်အတွင်း  ရှိကျေးရွာပေါင်း (၁၁)ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အဆိုပါ စီမံကိန်းများကို ဘုတ်ကိုင်း ကျေးရွာ၊ အတွင်းကဇိကျေးရွာ၊ ဝင်းဝကျေးရွာ နှင့် ပိတောက် ငယ် ကျေးရွာတို့မှ ကျေးလက်နေ လုပ်ကွက်ငယ် တောင်သူများ၊ ထုတ်လုပ်ရောင်းချနေသူများအား သွင်းအားစု နှင့် အရင်းအနှီးများရရှိစေရန်အတွက်ကျေးရွာမတည်ရန်ပုံငွေကျပ်သိန်း(၉၀၀)အား အတိုးနှုန်း(၅)ပြားဖြင့် ထုတ်ချေး ပေးခဲ့ကြောင်း၊ Cash For Work စီမံကိန်းလုပ်ငန်းများကို မိုးရွှေကူးကျေးရွာ၊ တံခွန်တိုင်ကျေးရွာ၊ ပဲဝကျေးရွာ၊ မယ်ကဲကျေးရွာ၊ စုံစင်ကျေးရွာ၊ ဆီဒတ်ကျေးရွာ၊ ပဒတ်ချောင်းကျေးရွာ ၊ကညင်ချောင်း​ကျေးရွာ၊ ဘုတ်ကျေးရွာ ဆီတောကြီး​ကျေးရွာ နှင့် ပဒေါက်ကြီး ကျေးရွာတို့၌ လုပ်ငန်းခွဲ ၁၆ ခုအား ကျေးရွာတစ်ရွာလျှင် Cash for Work စီမံကိန်းရန်ပုံငွေ ကျပ်သိန်း(၁၀၀)ဖြင့် ဇူလိုင်လ စတုတ္ထပတ်မှစတင်ဆောင်ရွက်ခဲ့ရာ စက်တင်ဘာလ ဒုတိယ ပတ်တွင် လုပ်ငန်းများရာနှုန်းပြည့်ပြီးစီးသွားပြီးဖြစ်ကြောင်း၊ မြို့နယ်အတွင်းရှိ Cash For Work စီမံကိန်းကျေးရွာ ၁၁ ရွာ မှ အိမ်ထောင်စုပေါင်း (၁၂၉၅) စု ကျေးရွာမတည်စီမံကိန်းကျေးရွာ ၄ ရွာ မှ အိမ်ထောင်စုပေါင်း (၄၃၉) စု တို့အား ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေးထိခိုက်မှုများအား လျော့ချပေးနိုင်ခဲ့ကြောင်းသိရသည်။

သရက်ချောင်း(ပြန်/ဆက်)