မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၃ ခုနှစ်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားသို့ တက်ရောက်

မကွေး မတ် ၂

၂၀၂၃ ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅)နှစ်အောက် အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၂၈ ရက် ညနေ ၄ နာရီအချိန်က တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန၊ တိုင်းဒေသကြီး ဖူဆယ် အားကစားရုံ၌ ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး အားကစားဆပ်ကော်မတီ အသီးသီးမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် မြို့နယ်အသီးသီးမှ အုပ်ချုပ်သူ နည်းပြများနှင့် အားကစားသမားများ၊ အားကစားဝါသနာရှင် ပြည်သူများ တက်ရောက်ခဲ့ကြပြီး၊ နောက်ဆုံး ဗိုလ်လုပွဲစဉ်အဖြစ် နတ်မောက်မြို့နယ်အသင်းနှင့် တောင်တွင်းကြီးမြို့နယ် အသင်းတို့ ယှဉ်ပြိုင်ကစား နေမှုအား ကြည့်ရှုအားပေးသည်။

၂၀၂၃ ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅)နှစ်အောက် အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲကို မြို့နယ်အသီးသီးမှ ပြိုင်ပွဲဝင်အသင်း (၁၇)သင်း ဝင်ရောက်ယှဉ်ပြိုင်ကာ (၂၄.၂.၂၀၂၃)ရက်နေ့မှ (၂၈.၂.၂၀၂၃)ရက်နေ့အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ  နောက်ဆုံးဗိုလ်လုပွဲ ပွဲစဉ်အဖြစ် နတ်မောက်မြို့နယ်အသင်းနှင့် တောင်တွင်းကြီးမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ တောင်တွင်းကြီး မြို့နယ်အသင်းမှ အနိုင်ရဗိုလ်စွဲခဲ့သည်။

ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီး ချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် အကောင်းဆုံး ဂိုးသမားဆု ရရှိခဲ့သော နတ်မောက်မြို့နယ်အသင်းမှ မောင်စွမ်းမင်းထက်အား ဆုကလပ်နှင့်ငွေသားဆု(၅၀၀၀၀/-)ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမျိုးအောင် ကလည်းကောင်း၊ အကောင်းဆုံး အားကစားသမားဆု ရရှိခဲ့သော တောင်တွင်းကြီးမြို့နယ်မှ မောင်ကောင်းထက်ဇော်အား ဆုကလပ်နှင့် ငွေသားဆု(၅၀၀၀၀/-)ကို တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းအောင်က လည်းကောင်း၊ စတုတ္ထဆုရရှိသော မြို့သစ်မြို့နယ်အသင်းအား တစ်ဦးချင်း ဆွဲပြား၊ ဆုကလပ်နှင့်ငွေသားဆု(၂၀၀၀၀၀/-)ကို တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင် ကလည်းကောင်း၊ တတိယဆုရရှိသော မကွေးမြို့နယ်အသင်းအား တစ်ဦးချင်းဆွဲပြား၊ ဆုကလပ်နှင့်ငွေသားဆု(၃၀၀၀၀၀/-)ကို လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးလင်းထွဋ်က လည်းကောင်း၊ ဒုတိယဆု ရရှိသော နတ်မောက်မြို့နယ်အသင်းအား တစ်ဦးချင်းဆွဲပြား၊ ဆုကလပ်နှင့် ငွေသားဆု (၄၀၀၀၀၀/-)ကို လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကိုကလည်းကောင်း၊ ပထမဆု ရရှိသော တောင်တွင်းကြီးမြို့နယ် အသင်းအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က တစ်ဦးချင်းဆွဲပြား၊ ဆုကလပ်နှင့်ငွေသားဆု(၅၀၀၀၀၀/-)ကိုလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ထိုမှတစ်ဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့သည် မကွေးတိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံး(၁၀၀'×၆၀') RCC(၃)ထပ်ရုံး အဆောက်အဦ တည်ဆောက်ခြင်းလုပ်ငန်းခွင်သို့ ရောက်ရှိပြီး ကြည့်ရှုစစ်ဆေးရာ မကွေးတိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံး၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်သိန်းသိန်းဦးနှင့် တည်ဆောက်ရေးကုမ္ပဏီ တာဝန်ရှိသူတို့က ရှင်းလင်းတင်ပြခဲ့ကြပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မောင်ညီညာ