ငဖဲမြို့နယ် ပင်ဦးကျေးရွာတွင် သပြေပန်းပင်များ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း၍ မိသားစုနေ့စဉ် ဝင်ငွေရရှိ

ငဖဲ မတ် ၂

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပင်ဦးကျေးရွာမှ တောင်သူများအနေဖြင့် လယ်ယာစိုက်ပျိုးရေးနှင့် ဉယျာဉ်ခြံမြေစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်လျက်ရှိပြီး ရွာ၏ အရှေ့ဘက်ကိုင်းမြေ ၁ ဧကတွင် မြေအောက်ရေကိုအသုံးပြု၍ သပြေကြီးနှင့် ကျောက်သပြေ ပန်းပင်များ စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းပြီး နေ့စဉ်ရောင်းချရကာ မိသားစု နေ့စဉ်ဝင်ငွေ ရရှိနေကြောင်း သိရသည်။

အဆိုပါသပြေပန်းပင်များကို  ခြံအတွင်းစိုက်ပျိုးထားသည်မှာ ၁၉ နှစ်ခန့်ရှိပြီဖြစ်ပြီး နှစ်စဉ်ပုံမှန် ရာသီမပြတ်ခူးချိုး ရောင်းချနေရကြောင်း၊ အပင်ရှင်သန် အရွက်လှစေရန်အတွက် အပတ်စဉ်ရေ သွင်းပေးပြီး နွားချေး နှင့် သဘာဝမြေဩဇာထည့်သွင်းပေးရကြောင်း၊ သပြေကြီးနှင့် ကျောက်သပြေပင် အပင်ပေါင်း ၄၀၀ ကျော် စိုက်ပျိုးထားရှိပြီး ခြံအတွင်း အခြားစားပင်သီးပင်များ၊ သနပ်ခါးပင်နှင့် ကညွတ်ပင်များကိုလည်း စိုက်ပျိုးထားရှိကြောင်း၊ သပြေတစ်ခိုင်လျှင်ငွေကျပ် ၅၀ မှ ၁၅၀ ကျပ်နှုန်းရောင်းချရပြီး ခြံအတွင်းသို့ ဘုရားပန်းလှူရန်နှင့် အလှူ၊မင်္ဂလာဆောင်များက လာရောက်ဝယ်ယူကြကြောင်း၊ သပြေပန်းများနှင့် ခြံထွက်သီးနှံများကို ငဖဲမြို့မဈေးတွင် တစ်နေ့ ပျမ်းမျှ နှစ်သောင်းကျော်ခန့် ရောင်းချရသဖြင့် မိသားစု နေ့စဉ်ပုံမှန်ဝင်ငွေရရှိကာ သားသမီးများ၏ ပညာရေးကုန်ကျစရိတ်ကာမိပြီး စီးပွားရေးအဆင်ပြေကြောင်း ပင်ဦးကျေးရွာမှ သပြေပန်းများ စိုက်ပျိုးရောင်းချသူ တောင်သူ ဒေါ်လဲ့လဲ့ဝင်း က ပြောကြားသည်။

သပြေပန်းပင်များသည် မြင်လိုက်ရသည်နှင့် ကျက်သရေရှိသော အပင်အမျိုးအစားဖြစ်ပြီး ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများ တန်ဖိုးထားကြသော ပန်းပင်ဖြစ်ပါသည်။ မြေယာရှုခင်း အလှဆင် စိုက်ပျိုးကြသောအခါ အာဆီယံသပြေ၊ ရွှေသပြေ၊ ကျောက်သပြေနှင့် ပတ္တမြားသပြေပင်များကို အများဆုံးစိုက်ပျိုးကြကြောင်း သိရသည်။

မယု(ငဖဲ)