ကံမမြို့ မြို့မဈေး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့် သရုပ်ပြခြင်းများဆောင်ရွက်

ကံမ မတ် ၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ စည်ပင်သာယာမြို့မဈေး၌ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့် သရုပ်ပြခြင်းများကို ယမန်နေ့ နံနက်(၁၀)နာရီက ဆောင်ရွက် ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအုန်းဌေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊  မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဈေးသူ၊ ဈေးသား များ တက်ရောက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအုန်းဌေးက အဖွင့်အမှာစကား ပြောကြားပြီးနောက် မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးရဲညွန့်က ဈေးအတွင်းရှိ ဈေးတန်းများ စာသောက်ဆိုင်များတွင် မီးများစနစ်တကျ သုံးစွဲရန်၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ထားရှိရန်၊  မီးသတ်ဆေးဘူးများ ထားရှိရန်၊ မီးမလောင်ခင် ဆောင်ရွက်ရ မည့်နည်းများနှင့် မီးလောင်လျှင် ဆောင်ရွက်ရမည့် နည်းလမ်းများကို အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက ဈေးအတွင်းရှိ ဈေးသူ ဈေးသားများအား မီးသတ်ဆေးဘူးအသုံးပြုနည်းများနှင့် လက်တွေ့မီးငြိမ်းသတ်ခြင်းကို သရုပ်ပြ ဆောင်ရွက်ခဲ့ပြီး မြို့မဈေးအတွင်း မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး မီးငြှိမ်းသတ်ယာဉ် နှစ်စီးဖြင့် ဇာတ်တိုက် လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။  

ကျော်ဇေယျဝင်း(ကံမ)