ပွင့်ဖြူ မတ် ၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့နယ်အတွင်း ပွင့်လင်းရာသီကာလ မီးဘေး အန္တရာယ်ကြုံတွေ့လာပါက လွယ်လင့်တကူ ရေယူအသုံးပြုနိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့၊ သက်တော် ရှည်ရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြေအောက်ရေစုကန်နှင့် စင်မြင့် ဖိုက်ဘာရေလှောင်ကန်များအား ဆေးကြောသန့်စင်၍ ရေဖြည့်တင်းခြင်းနှင့် ရေတင်စက်များ ကြံ့ခိုင်ကောင်းမွန်စေရေး ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများအဖွဲ့က ပွင့်လင်းရာသီကာလတွင် မြို့နယ်အတွင်း မီးဘေးအန္တရာယ် ကြုံတွေ့လာပါက ရေအလွယ်တကူ ရယူအသုံးပြုနိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ဂါလန် ၅၀၀၀ ဆံ့ မြေအောက်ရေစုကန်နှင့် ဂါလန် ၃၆၀၀ ဆံ့ စင်မြင့်ဖိုက်ဘာရေလှောင်ကန်တို့ကို စနစ်တကျ ဆေးကြောသန့်စင်၍ ရေများဖြည့်တင်းဆောင်ရွက်ခြင်း၊ ရေတင်စက်များ ကြံ့ခိုင် ကောင်းမွန်ရေး ပြုပြင်ထိန်းသိမ်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် ရေစုကန်များ အနီးဝန်း ကျင်သန့်ရှင်းသာယာရေး အမှိုက်သရိုက်များ ကောက်ယူရှင်းလင်းခြင်းနှင့် တံမြက်စည်းလှဲခြင်းလုပ်ငန်း များ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် နှစ်စဉ်ပွင့်လင်းရာသီကာလများတွင် မြို့နယ်အတွင်း မီးဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် ရေစုကန်များတွင် ရေဖြည့်တင်းခြင်း၊ မြို့ပြ သန့်ရှင်းသာယာရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဘဏ္ဍာရေးနှစ်အလိုက် ခွင့်ပြုရန်ပုံငွေဖြင့် မြို့ပြနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးများ မီးဘေးလုံခြုံရေး၊ ဈေးလုံခြုံရေးနှင့် ဈေးတွင်းဈေးပြင် သန့်ရှင်းရေးလုပ်ငန်းများကို ကြပ်မတ်စစ်ဆေး ဆောင်ရွက်ခြင်း တို့ကို အရှိန်အဟုန်မပျက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်ထံမှ သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)