ဆင်ပေါင်ဝဲမြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့များနှင့် ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များမှ မီးဘေးသင့်ပြည်သူများထံ ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်

ဆင်ပေါင်ဝဲ မတ် ၂

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ကျောက်ချက်ကျေးရွာတွင် ဖေဖော်ဝါရီ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့သည့် မီးလောင်မှုကြောင့် မီးဘေးသင့်ခဲ့သည့် ပြည်သူများအား မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့များနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များမှ ယမန်နေ့ နေ့လယ် ၄ နာရီအချိန်က အဆိုပါ ကျေးရွာ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုး သမီးရေးရာအဖွဲ့များက ကျောက်ချက်ကျေးရွာ မီးဘေးသင့်ပြည်သူများထံ ငွေကျပ် (၃၉၀၀၀၀)ကျပ်၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များမှ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့သော မိသားစုသုံးပစ္စည်းများ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ၊ အိမ်ဆောက် အထောက်အကူပြုပစ္စည်းများနှင့် အမျိုးသမီးတစ်ကိုယ်ရည် သန့်ရှင်းရေးသုံး ပစ္စည်းများကို မီးဘေးသင့် ပြည်သူများအား လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)