ဂန့်ဂေါခရိုင် ကျောက်ထုမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကုန်စုံဆိုင်နှင့် စားသောက်ဆိုင်များတွင် လိုက်လံအသိပညာပေး

ကျောက်ထု စက်တင်ဘာ ၂၉

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ကျောက်ထုမြို့ပေါ် (၃)ရပ်ကွက်ရှိ ဈေးဆိုင်နေရာများတွင် ကိုဗစ်- ၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြား ချက်များ နှင့်အညီ လိုက်နာဆောင်ရွက်ကြရန်အတွက် ကုန်စုံဆိုင်၊စတိုးဆိုင်နှင့် ဆေးဝါး အရောင်းဆိုင်များတွင် ယနေ့နံနက်(၉)နာရီအချိန်မှ စတင်၍ တာဝန်ရှိသူများ ကွင်းဆင်း သတိ ပေး နှိုးဆော်ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကုန်စုံဆိုင်၊ စားသောက်ဆိုင်နှင့်ဆေးဆိုင်များ၏ ဈေးရောင်းချနေမှု များတွင် လက်ဆေးဘေစင်နှင့် လက်သန့်ဆေးရည်များထားရှိရေး၊ ဈေးဆိုင်တွင်း ဝင်ရောက်ဝယ် ယူခြင်း ခွင့်မပြုရန်နှင့် ကြိုးတန်းထားရှိရန်၊ ဈေးရောင်းသူနှင့်ဈေးဝယ်သူများက FaceShieldနှင့် Maskများ တပ်ဆင်ကြရန်၊ ပါဆယ်စနစ်ဖြင့်သာရောင်းချကြရန်၊ တစ်ဦးနှင့်တစ်ဦး(၆)ပေ အကွာမှ သာ ပြောဆို ဆက်ဆံကြရန်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။

ထိုသို့လိုက်လံသတိပေးခြင်းလုပ်ငန်းများအားမကွေးတိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်ဦး ကျော်မြင့်၊ ကျောက်ထုမြို့စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးကျော်ကိုကိုအောင်နှင့် ကျောက်ထုမြို့ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ အဖွဲ့ဝင်များ လိုက်ပါ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

မောဟေမာန်(ပြန်/ဆက်)