နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် နွေစပါးဧက (၆၀၀၀) အတွက် သွင်းအားစုမြေဩဇာများ ပေးအပ်ပွဲကျင်းပ

အုတ်ဖို မတ် ၂

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် အုတ်ဖိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် နွေစပါး စီမံကိန်းအတွင် ပါဝင်သော တောင်သူများအား သွင်းအားစုမြေဩဇာများ ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းကကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မင်းက စိုက်ပျိုးရေးကဏ္ဍများတွင် တစ်ဧကအထွက်နှုန်း တိုးတက်ထွက်ရှိရေး စိုက်စနစ်မှန် စိုက်ပျိုးရေး၊ နွေစပါး ပန်းတိုင်အထွက်နှုန်းထက် ပိုမိုထွက်ရှိစေရေး ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ချိုချိုဝင်းက ရေသောက်စနစ်အလိုက် သက်လျှင်အထွက်ကောင်း ရက် ၉၀ စပါးမျိုးများကို တိုးချဲ့စိုက်ပျိုးရန်နှင့် ပေါင်းမြတ်၊ ပိုးမွှား ရောဂါကာကွယ်ခြင်းကို အချိန်မီဆောင်ရွက်၍ တစ်ဧကအထွက်နှုန်း တိုးတက်ထွက်ရှိရေး ဆောင်ရွက်ကြရန် ရှင်းလင်းပြောကြားပြီး နိုင်ငံစီးပွားမြှင့်တင်ရေးကဏ္ဍ နွေစပါးဧက ၆၀၀၀ အတွက် ယူရီးယားမြေသြဇာ၊ ကွန်ပေါင်းဓါတ်မြေသြဇာတို့ကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်သူ (ပြန်/ဆက်)