ဇီးကုန်း မတ် ၁
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဋ္ဌာန၊ ဇီးကုန်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်အတွက် အခြေခံပညာကျောင်းများ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများ၊ အခြေခံအားကစားနည်းစနစ်သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ နွေရာသီကျောင်းပိတ်ရက်များ၌လည်း အားကစားနည်း(၅)မျိုးကို ဖွင့်လှစ်သင်းကြားပေးသွားမည်ဟု မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဋ္ဌာနမှ သိရသည်။
ဇီးကုန်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မတ်လ ၁၀ ရက်နေ့မှစတင်၍ ဘောလုံး၊ ပိုက်ကျော်ခြင်း၊ အေရိုးဗစ်၊ EIM နှင့် မြန်မာ့သိုင်းစသည့် အားကစားနည်း(၅)မျိုး၏ အခြေခံနည်းစနစ်များကို မြို့နယ်ပြည်သူ့အားကစားကွင်းအတွင်း၌ သင်တန်းများဖွင့်လှစ်၍ သက်ဆိုင်ရာအားကစားနည်းပြဆရာများမှ လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ပြီး မည်သူမဆိုလာရောက် သင်ကြားနိုင်ကြောင်း သိရသည်။
မြို့နယ်အတွင်းရှိ လူငယ်လူရွယ်များ အားကစားအခြေခံနည်းစနစ်များကို စနစ်တကျသိရှိနားလည်တတ်မြောက်ပြီး ကျန်းမာကြံ့ခိုင်စေရေး၊ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး၊ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် အသင်းအဖွဲ့လိုက် စုပေါင်းဆောင်ရွက်တတ်သော စိတ်ဓာတ်နှင့်အလေ့အကျင့်ကောင်းများရရှိစေရေးတို့အတွက် သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်းနှင့် မြို့နယ်အတွင်းမှ U-19 မြန်မာ့လက်ရွေးစင် ဘောလုံးသမား တစ်ဦး၊ ၃၂- ကြိမ်မြောက် Sea Game ပဏာမလက်ရွေးစင် ပြေးခုန်ပစ် အားကစားသမားတစ်ဦး၊ ပြည်တွင်းအမှတ်ပေးဘောလုံးပွဲစဉ် ကလပ်ပြိုင်ဝင်တစ်ဦး လက်ရှိယှဉ်ပြိုင်ကစားနေကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန နည်းစနစ်မှူး ဦးစိုးလှိုင်ထံမှ သိရသည်။
တင့်ဆွေ(ပြန်/ဆက်)