ပဲခူး မတ် ၁
ပဲခူးခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး၌ ကာကွယ်ဆေးသိုလှောင်အအေးခန်း ပန္နက်ချမင်္ဂလာအခမ်းအနားအား ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ကာကွယ်ဆေးသိုလှောင်အအေးခန်း တည်ဆောက်ရေးရှင်းလင်းဆောင်၌ လုပ်ငန်းစီမံချက်များအား တာဝန်ခံအင်ဂျင်နီယာမှ ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပဲခူးဒေသသည် ငလျင်ကြောကျရောက်သည့် နေရာတွင်တည်ရှိနေသဖြင့် ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အဦများဖြစ်ရန်လိုအပ်ပြီး ကာကွယ်ဆေးများ သိုလှောင်မည့် အအေးခန်းဖြစ်၍ မိုးလုံလေလုံဖြင့် သယ်ယူပို့ဆောင်ခြင်းများ ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လျှပ်စစ်မီးလိုင်းများ စနစ်တကျတပ်ဆင်ရန်နှင့် သတ်မှတ်စံချိန်စံညွှန်းများအချိန်မီပြီးစီးရေး ကြီးကြပ်ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် မင်္ဂလာအချိန်၌ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း၊ တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ လူမှုရေးရာဝန်ကြီး ဦးအောင်မင်းနှင့် ပဲခူးဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်တို့က ပန္နက်တိုင်များအား (၉)ချက်ရိုက်သွင်းခဲ့ပြီး ကာကွယ်ဆေးသိုလှောင်အအေးခန်း ပန္နက်ချမင်္ဂလာအခမ်းအနား အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရှိရသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)