စစ်ကိုင်းမြို့မဈေးကြီးအတွင်း နှာခေါင်းစည်းတပ်ဆင်ပြီး ရောင်းချမှု ရှိ/ မရှိစစ်ဆေး ကျန်းမာရေး အသိပညာ ပေးနှိုးဆော်

စစ်ကိုင်း စက်တင်ဘာ ၂၉

စစ်ကိုင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်းရေးအတွက် စစ်ကိုင်း မြို့မဈေးကြီး အတွင်း ဈေးရောင်းချသူ/ ဈေးဝယ်လာပြည်သူများအား နှာခေါင်းစည်းများ တပ်ဆင် ရောင်းချမှု ရှိ/ မရှိကို ဈေးအကျိုးတော်ဆောင်များက နေ့စဉ် စစ်ဆေးပေးလျက် ရှိကြောင်း သိရသည်။

"ကျွန်တော်တို့ ဈေးအကျိုးတော်ဆောင်များအနေနဲ့ ဈေးရောင်းချသူ/ ဈေးဝယ်လာသူ ပြည်သူ များအား နှာခေါင်းစည်း တပ်ဆင်ရောင်းချကြဖို့ ဈေးဝယ်လာပြည်သူများကိုလည်း နှာခေါင်းစည်းတပ် လာခြင်းမရှိပါက ဈေးဝယ်ခွင့်မပြုပါဘူး အခုချိန်မှာ ဒီရောဂါက နေရာဒေသ အသီးသီးကို ပျံ့နှံ့နေပါပြီ တစ်ဦးတစ်ယောက်ကအစ စည်းကမ်းရှိမှ ကျန်းမာရေးအသိတွေရှိမှ ရောဂါကူးစက်မှုတွေ လျော့နည်း လာမှာပါ ကျွန်တော်တို့အနေနဲ့ ဈေးရုံးအပေါ်ထပ်ကနေ အသံချဲ့စက်များနဲ့လည်း အသိပညာတွေရရှိ အောင် အချိန်နဲ့အမျှ နှိုးဆော်ပေးနေပါတယ်" ဟု ဈေးအကျိုးတော်ဆောင်အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောပြ၍သိရသည်။

စစ်ကိုင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ ပရဟိတ အဖွဲ့များ၊ အလှူရှင်များ၊ အခြားအဖွဲ့အစည်းများကလည်း နှာခေါင်းစည်း များဖြန့် ဝေပေးခြင်း၊ ကျန်းမာ ရေးအသိပညာပေးခြင်းများကို ဘက်ပေါင်းစုံမှ အရှိန် အဟုန် မြှင့်တင် ဆောင်ရွက် နေကြကြောင်း သိရသည်။

ဇော်မြင့်နိုင်