ပဲခူး မတ် ၁
အလယ်တန်းအဆင့် Grade-9 ပြီးမြောက်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူ နိုင်မည့် အခွင့်အလမ်းများနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲကို ပဲခူးမြို့၊ အ.ထ.က (၁)ကျောင်း သီရိပညာခန်းမ၌ ယနေ့နံနက် ၁၁နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး၊ ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးစိုးလွင်က ကျောင်းသား၊ ကျောင်းသူများအားလုံး အလယ်တန်းအဆင့် (Grade-9) ပြီးမြောက်အောင်မြင်ပါက စက်မှု၊ စိုက်ပျိုးရေး၊မွေးမြူရေးစသည့် အသက်မွေးဝမ်းကျောင်းအတက်ပညာများကို သင်ယူတက်မြောက်နိုင်မည့် အခွင့်အလမ်း များနှင့် အလုပ်အကိုင်အခွင့်အလမ်းရရှိလာမည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားပြီး၊ အ.ထ.က (၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်ဝင်းက အလယ်တန်းအဆင့် (Grade-9) ပြီးမြောက်အောင်မြင်ပါက စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး ပညာရပ်များကို တွဲဖက်သင်ကြားမည့် အခြေခံပညာအထက်တန်းကျောင်းများတွင် တက်ရောက်သင်ယူနိုင်ရေး လျှောက်ထားနိုင်မည်ဖြစ်ကြောင်း၊ ဘာသာရပ်များအလိုက် ထူးချွန်စွာ အောင်မြင်သူများနှင့် ရိုးရိုးအောင်မြင်သူများအနေဖြင့် လုပ်ငန်းခွင်အသင့်ဖြစ်စေမည့် သင်ရိုးညွှန်းတမ်းများ အသုံးပြု၍ လေ့ကျင့်သင်ကြားပေးမည်ဖြစ်သဖြင့် ပြင်ပလုပ်ငန်းခွင်များသို့ ဝင်ရောက်ရာတွင်လည်းကောင်း၊ ကိုယ်ပိုင်လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်းကောင်း များစွာအထောက်အကူ ရရှိစေမည် ဖြစ်ကြောင်း ပြောကြားသည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အ.ထ.က(၁)ကျောင်းမှ ဆရာ/ ဆရာမ၊ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၂၆၀)ဦးတက်ရောက်ခဲ့ပြီး အလားတူ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်များရှိ အထက်တန်းနှင့် အလယ်တန်းကျောင်းတွင်လည်း အသိပညာပေး ဟောပြောပွဲများ တစ်ပြိုင်တည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သက်ဖြိုးကြိုင် (ပြန်/ ဆက်)