ငဖဲ မတ် ၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေသခံတောင်သူ များမွေးမြူထားသည့် ကျွဲ၊ နွားများတွင် ကျရောက်တတ်သော ရောဂါများမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကူးစက်ရောဂါကြိုတင်ကာကွယ်ဆေးများနှင့် ကုသဆေးများကို ကျေးရွာများသို့ကွင်းဆင်း၍ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ငရံ့ချောင်းကျေးရွာသို့ သွားရောက်၍ နွားကောင်ရေ (၃၂၅)ကောင်အား ပေါင်ပုပ်လက်ပုပ်ရောဂါကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးပြီး နွားခြံများအား ပိုးသတ်ဆေးများ ဖျန်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ငဖဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာချစ်ချယ်ရီစိုးနှင့် ဝန်ထမ်းများ ဦးဆောင်ပြီး တိရစ္ဆာန်ကျန်းမာရေး အကူလုပ်သားများ ပူးပေါင်းကာ ငရံ့ချောင်းကျေးရွာမှ တောင်သူများမွေးမြူထားသော နွားကောင်ရေ(၃၂၅)ကောင်အား ပေါင်ပုပ်လက်ပုပ်ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီး နွားခြံများအား ပိုးမွှားရောဂါ ကာကွယ်စေရန် ခြံဖြန်းဆေး ပိုးသတ်ဆေးများ ဖျန်းပေးခဲ့ကာ ကျွဲ၊ နွားများတွင် ဖြစ်ပေါ်တတ်သော ရောဂါများနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ကျန်းမာကြံ့ခိုင်စေရန်အတွက် အာဟာရညီညွတ်မျှတစွာ ပါဝင်သော အစားအစာကို လုံလောက်စွာ ကျွေးမွေးရန်နှင့် စနစ်တကျ မွေးမြူနည်းများ၊ ကျွဲနွားကူးစက်ရောဂါ သံသယလက္ခဏာများ တွေ့ရှိပါက မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသို့ ဆက်သွယ်အကြောင်းကြားရန် စသည်တို့ကို တောင်သူများအား အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)