သရက်ချောင်း မတ် ၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ၂၀၂၂–၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ နှစ်ဆုံးစာမေးပွဲများ ဖြေဆိုလျက်ရှိရာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က Grade-5 နှစ်ဆုံးစာမေးပွဲအား အေးချမ်းပျော်ရွှင်စွာ ဖြေဆိုပြီးစီးခဲ့ပြီး ယနေ့နံနက်ပိုင်းမှာ Grade-9 နောက်ဆုံးဘာသာရပ်အဖြစ် အထွေထွေသိပ္ပံဘာသာကို ဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။
အဆိုပါ နှစ်ဆုံးစာမေးပွဲများကို မြို့နယ်အတွင်းရှိ စာစစ်ဌာန (၁၀) ခုမှ Grade-5 ကျောင်းသား/သူ (၅၃၀) ဦးက မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး ဘာသာရပ်များကို လည်ကောင်း၊ စာစစ်ဌာန(၅)ခုမှ Grade-9 ကျောင်းသား/သူ (၂၈၈)ဦးက မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ အထွေထွေသိပ္ပံ ဘာသာရပ်များကို တစ်ရက်လျှင် တစ်ဘာသာနှုန်းဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိရာ ၂၀၂၃ခုနှစ်၊ မတ်လ (၁)ရက်နေ့ ယနေ့နံနက်ပိုင်းတွင် ဘာသာရပ်အားလုံး ဖြေဆိုပြီးစီးခဲ့ပြီး Grade-5 နှင့် Grade-9 နှစ်ဆုံးစာမေးပွဲများကို ကျောင်းသား/သူများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုနိုင်ရေး မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းမွှေး လမ်းညွှန်မှုဖြင့် တာဝန်ရှိသူများနှင့် ဆရာ၊ ဆရာမများက အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက် ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ပြည့်ဖြိုးပိုင်(သရက်ချောင်း)