ရွှေတောင်မြို့နယ်တွင် တောင်သူများ ဆည်ရေဖြင့် နွေစပါးစိုက်ပျိုး

ရွှေတောင် မတ် ၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၌ တောင်သူများအနေဖြင့် နွေစပါးများကို ထပ်မံစိုက်ပျိုးလျက်ရှိသည်။

ရွှေတောင်မြို့နယ်တွင် ဆည်ရေဖြင့် နွေစပါးစိုက်ပျိုးလျက်ရှိပြီး ၂၀၂၂-၂၀၂၃ ခုနှစ် နွေစပါးစိုက်ဧက(၁၁၉၅)လျာထားဆောင်ရွက်လျက်ရှိရာ (၁၁၉၅)ဧက ရာနှုန်းပြည့်စိုက်ပျိုးပြီးစီးကြောင်း သိရသည်။ တောင်သူများအနေဖြင့် ရက် ၉၀ စပါးမျိုး၊ ရတနာတိုး၊ GW-11၊ ဆင်းသုခနှင့် မှော်ဘီ-၃ စပါးမျိုးများကို အများဆုံးစိုက်ပျိုးထားရှိလျက်ရှိကြောင်းနှင့် လိုအပ်သောမျိုးစပါးများနှင့် စိုက်ပျိုးရေးနည်းစနစ်များကို မြို့နယ်စိုက်ပျိုးရေးဦးစီးဋ္ဌာနမှ ဖြန့်ဖြူးပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။

ရွှေတောင်မြို့နယ်တွင် လယ်ယာကဏ္ဍသီးနှံစိုက်ပျိုးထုတ်လုပ်မှု မြင့်မားတိုးတက်ရေး၊ အရည်အသွေးကောင်းမွန်ရေး၊ ဒေသတွင်းစားနပ်ရိက္ခာ ဖူလုံပိုလျှံစေရေးတို့အတွက် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဋ္ဌာနမှ သိရသည်။

ကိုကိုမင်း (ပြန်/ ဆက်)