မြိတ် မတ် ၁
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကုန်သွယ်မှုလုပ်ငန်းများ လွယ်ကူချောမွေ့မြန်ဆန်ရေး၊ ကဏ္ဍအလိုက် ပြည်ပပို့ကုန်ပိုမိုထုတ်လုပ် တိုးတက်တင်ပို့နိုင်ရေး၊ ကုန်သွယ်မှုလုပ်ငန်းအခက်အခဲများ ဖြေရှင်းဆောင် ရွက်နိုင်ရေးအတွက် ကုန်သွယ်မှုမြင့်တင်ရေး အစည်းအဝေးကို ယမန်နေ့ နေ့လယ်ပိုင်းက မြိတ်ခရိုင် ကုန်သည်နှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံး၌ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကုန်သည်အသင်း တာဝန်ရှိ သူများနှင့် ကုန်သည်လုပ်ငန်းရှင်များ ပြုလုပ်ခဲ့ကြသည်။
အစည်းအဝေးတွင် မြိတ်ကုန်သွယ်ရေးစခန်း တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းအုန်းက လုပ်ငန်းရှင်များအနေဖြင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ရာ၌ တစ်ဦးနှင့်တစ်ဦးမျှတသော၊ မှန်ကန်သော ကုန်သွယ်မှု များဖြစ်စေရေးအတွက် တရားမဝင်ဆောင်ရွက်မှုများရှိပါက တရားဝင် လမ်းကြောင်းမှ ကုန်သွယ်မှုများ တိုးတက်လာစေရေးအချင်းချင်း စည်းရုံးပြောဆိုဆောင်ရွက် သွားကြရန် မေတ္တာရပ်ခံပါကြောင်း၊ သက်ဆိုင်သည့်ဌာန ဆိုင်ရာများမှလည်း ဝိုင်းဝန်းထိမ်းသိမ်းကြပ်မတ်ဆောင်ရွက်ပေးကြစေလိုကြောင်း၊ မြိတ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှု ပို့ကုန်/သွင်းကုန် လုပ်ငန်းလျာထားချက်နှင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်သည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး ကုန်သွယ်လုပ်ငန်းရှင်များအနေဖြင့် ကုန်သွယ်မှု အခက်အခဲများကို ဆွေးနွေးပေးကြရန် ပြောကြားသည်။
ထို့နောက် ကုန်သွယ်လုပ်ငန်းဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် မြိတ်ခရိုင်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးထွန်းထွန်းနှင့် ညီနောင်အသင်းအဖွဲ့များမှ တာဝန်ရှိသူများ ကုန်သွယ်လုပ်ငန်းဆိုင်ရာများကို ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ကုမ္ပဏီလုပ်ငန်းရှင်များနှင့် တက်ရောက်လာကြသူများက သိလိုသည်များနှင့် ကုန်သွယ်မှုဆိုင်ရာ အခက်အခဲများကို မေးမြန်းဆွေးနွေးခဲ့ကြရာ တာဝန်ရှိသူများကပြန်လည် ရှင်းလင်းဖြေကြားခဲ့ကြပြီး မြိတ်ကုန်သွယ် ရေးစခန်း တာဝန်ခံက နိဂုံးချုပ် အမှာစကားပြောကြားသည်။
မြိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် (၂ဝ၂၂-၂၀၂၃)ဘဏ္ဍာနှစ် ကုန်သွယ်မှုပမာဏအနေဖြင့် ပို့ကုန်လျာထားချက် အမေရိကန်ဒေါ်လာ (၄၄)သန်းနှင့် သွင်းကုန်လျာထားချက် အမေရိကန်ဒေါ်လာ သန်း(၈၀) စုစုပေါင်းကုန်သွယ်မှုပမာဏ ဒေါ်လာ(၁၂၄)သန်း ကုန်သွယ်မှုဆောင်ရွက်ရန် လျာထားခဲ့ပြီး ဘဏ္ဍာရေးနှစ်၏ လျာထားချက် အပေါ် ဧပြီလမှ ဖေဖော်ဝါရီလ(၂၇)ရက်အထိ ပို့ကုန် (၂၆.၄၄၇)ဒေါ်လာသန်း၊ သွင်းကုန် (၉၅.၇၃၁)ဒေါ်လာသန်း၊ စုစုပေါင်းကုန်သွယ်မှုပမာဏ (၁၂၂.၁၇၈)ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့သည့်အတွက် လျာထား ချက်အပေါ် (၉၈.၅၃)ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့ကြောင်း မြိတ်ကုန်သွယ်ရေးစခန်းမှ သိရသည်။
ခိုင်ထူး (ပြန်/ဆက်)