လိပ်သိုဒေသအတွင်းရှိ ကျန်းမာရေး စစ်ဆေးရေးဂိတ်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးပစ္စည်းများလှူဒါန်း

လိပ်သို စက်တင်ဘာ ၂၉

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသအတွင်းရှိ သံမိုးတောင်၊ မြတ်သာကုန်း၊ ထမုံ ကျေးရွာနှင့် ညောင်ကုလားထိုင် ကျန်းမာရေး စစ်ဆေးရေးဂိတ်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများကို  ယမန်နေ့ နေ့လယ်ပိုင်းက လိပ်သို မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်၊ လိပ်သိုတိုက်နယ် ပြည်သူ့ဆေးရုံ တာ၀န်ခံ ဆရာ၀န် ဒေါက်တာဇေယျာဦးနှင့် တာ၀န်ရှိသူ များက  သွားရောက်ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့ လှူဒါန်းရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန် ကြိုတင်ကာကွယ်ရေး လုပ်ငန်း များတွင် အသုံးပြုနိုင်ရန်အတွက်  Mask Hand Gel နှင့် Hand  Wash  စသည့်   အထောက်အကူပြု ပစ္စည်းများကို  သံမိုးတောင်၊ မြတ်သာကုန်း၊ ထမုံကျေးရွာနှင့် ညောင်ကုလားထိုင် စစ်ဆေးရေးဂိတ်တို့ အတွက် ပေးအပ်လှူဒါန်းခဲ့သည်။

အဆိုပါ ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းရခြင်းမှာ လိပ်သိုဒေသတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ဒေသခံများအနေဖြင့်  ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များကို  စနစ်တကျ လိုက်နာဆောင်ရွက်ခြင်း ဖြင့် ရောဂါပြန့်ပွားမှုကို  ကာကွယ်နိုင်ရေးတို့အတွက် ရည်ရွယ်ပြီး ပေးအပ်လှူဒါန်းရခြင်းဖြစ်ကြောင်း လိပ်သိုမြို့ အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်ထံမှ သိရပါသည်။

နွယ်နွယ်ခိုင် (ပြန်/ဆက်)