အထက်မင်းလှ မတ် ၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က ရပ်ကွက်ကျေးရွာများတွင် လုံခြုံရေး အထူးဂရုပြုဆောင်ရွက်ရန်၊ ပွင့်လင်းရာသီရောက်ရှိနေပြီဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဂရုပြုဆောင်ရွက်ရန်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် စာမေးပွဲ ဖြေဆိုနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန်၊ စိုက်ပျိုးရေးလုပ်ငန်းများအား အလေးထားဆောင်ရွက်ရန်၊ စိုက်ပျိုးစရိတ်ချေးငွေပေးဆပ်ရန် ကျန်ရှိနေသူများ ပေးဆပ်နိုင်ရေး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးပြောကြားခဲ့သည်။
ယင်းနောက် အစည်းအဝေးတက်ရောက်လာသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေး နွေးခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)