ရေနံချောင်းမြို့၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးဟောပြော

ရေနံချောင်း ဖေဖော်ဝါရီ ၂၈

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ ပွင့်လင်ရာသီရောက်ရှိလာချိန်တွင် မီးဘေးအန္တရာယ်ကြောင့် ပြည်သူများ၏ အသက်အိုးအိမ်ပစ္စည်းများ ဆုံးရှံးမှုမဖြစ်ပေါ်စေရန်ရည်ရွယ်၍ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇင်ဦးက မိမိတို့မြို့နယ်တွင် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်/ကျေးရွာအလိုက် မီးဘေးကြိုတင်ကာကွယ်ရေး စီမံချက်များဆောင်ရွက်ထားရှိရန် ရှင်းလင်းမှာကြားသည်။ ထို့နောက် မြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကြည်စိုးဟန်က မီးလောင်မှုဖြစ်ပွားရသည့်အကြောင်း အရင်းများ၊ မီးဘေးကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးဇော်ဇော်အောင်က လျှပ်စစ်မီးသုံးစွဲသူ မိဘပြည်သူများအနေဖြင့် လျှပ်စစ်ဝါယာရှော့မှ တဆင့် မီးလောင်မှုမဖြစ်ပွားစေရန် အရည်အသွေးနိမ့်သည့် ဝါယာကြိုးများနှင့် ဟောင်းနွမ်းဆွေးမြေ့သည့် ဝါယာကြိုးများ အသုံးပြုခြင်းရှောင်ကျဉ်ကြရန်၊ လျှပ်စစ်ထမင်းပေါင်းအိုး၊ ဟင်းအိုး၊ ရေနွေးအိုး စသည့် လျှပ်စစ်ဆက်စပ်ပစ္စည်းများ အသုံးပြုကြရာတွင် သတိမေ့ပေါ့လျော့မှုမဖြစ်စေရန် အလေးထားအသုံးပြုကြစေလိုကြောင်းဖြင့် အသီးသီး အသိပညာပေးဆွေးနွေးဟော ပြောခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ရပ်/ကျေးစာရေး ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်