မင်းဘူး ဖေဖော်ဝါရီ ၂၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
ဦးစွာ အစည်းအဝေးတွင် မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက အဖွင့်အမှာစကားပြောကြားကာ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး တင့်ကျော်နှင့် အတွင်းရေးမှူခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မောင်မောင်တို့က ခရိုင်နှင့်မြို့နယ်များတွင် နယ်မြေတည်ငြိမ်အေးချမ်း ရေးနှင့်လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးပြောကြားပြီးနောက် တက်ရောက် လာသော ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ မိမိတို့ဌာနအလိုက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။
အစည်းအဝေးတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေ ကြိုတင်စီမံဆောင်ရွက်သွားရန်၊ စာမေးပွဲဖြေဆိုစဉ်ကာလပတ်ဝန်းကျင် အသံဆူညံနှောက်ယှက်မှုများမဖြစ်ပေါ်စေရေး အလေးထားဆောင်ရွက်ရန်၊ ခရိုင်အတွင်းရှိ မှတ်ပုံတင်မော်တော်ယာဉ်များတွင် ဖောင်းကြွနံပါတ်ပြားများ အသစ်လဲလှယ်တပ်ဆင်နိုင်ရေး ဆောင်ရွက်သွားရန်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းလမ်းညွှန် မှာကြားချက်များကို အချိန်မီ ပြီးစီးအောင် အကောင်အထည်ဖော်ဆောင်ရွက်သွားရန်နှင့် မင်းဘူးမြို့၌ ၂၀၂၃ ခုနှစ်၊ မြန်မာနှစ်ကူး အတာသင်္ကြန် ရေသဘင်ပွဲတော်ကို စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားရန်စသည့်အချက်များကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။
အဆိုပါ အစည်းအဝေးအပြီးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူးတို့က မင်းဘူး(စကု)မြို့နယ်အတွင်း မိုးမကျမီလေဘေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကြိုတင်စီမံပြင်ဆင်ဆောင်ရွက်နိုင်ရန်စေအတွက် သနပ်ပင်စုကျေးရွာနှင့် ကျောင်းကုန်းကြီးကျေးရွာတို့မှ အိမ်ထောင်စုများအတွက် တစ်ရွာလျှင် အိမ်ထောင်စု(၅၀)နှုန်းဖြင့် အိမ်ထောင်စုပေါင်း(၁၀၀)ကို စိစစ်ရွေးချယ်ပြီး လေဘေးကြိုတင်ကာကွယ်ရေး အိမ်ဆောက် ပစ္စည်းများ ဝယ်ယူဆောင်ရွက်နိုင်ရန် တစ်အိမ်ထောင်လျှင် ထောက်ပံ့ငွေ ၄၅၀၀၀ ကျပ်နှုန်းဖြင့် ထောက်ပံ့ငွေများကို ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)