တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ၏ (၂/၂၀၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ (၂/၂၀၂၃) လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်

ထားဝယ် ဖေဖော်ဝါရီ ၂၈

တနင်္သာရီတိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ၏ (၂/၂၀၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် လယ်ယာမြေစီမံခန့်ခွဲ့မှုအဖွဲ့ (၂/၂၀၂၃) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီနှင့် လယ်ယာမြေစီမံခန့်ခွဲ့မှုအဖွဲ့ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲမှုနှင့် ပတ်သက်၍ တစ်ပိုင်တစ်နိုင် လုပ်ကိုင်ဆောင်ရွက်နေသော ခြံပိုင်ရှင်များအား လုပ်ပိုင်ခွင့်ရရှိအောင် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လုပ်သင့် လုပ်ထိုက်သည်များကို လုပ်ကိုင်ဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံတော်က ညွှန်ကြားထားရှိသော တိုင်းဒေသကြီးတွင် ပုဇွန်လုပ်ငန်းတိုးချဲ့ဆောင်ရွက်ရမည့် ကိစ္စရပ်များရှိကြောင်း၊ တစ်ပိုင်တစ်နိုင် မွေးမြူဆောင်ရွက်ထားသူများအနေဖြင့် ပုဇွန်မွေးမြူရေးကန်အား တိုးချဲ့ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီး၏ထွက်ကုန်ဖြစ်သော ရာဘာ၊ ဆီအုန်းများ အားတိုးချဲ့ပြီး လုပ်ကိုင်ဆောင်ရွက်ခဲ့သော်လည်း တိုင်းဒေသကြီးတွင် ဆီချောစက်ရုံမရှိသောကြောင့် ဆီဖူလုံမှု မရှိခဲ့ကြောင်း၊ ဆီအုန်းအနေဖြင့် နှစ်ပေါင်း(၃၀)ကျော်လာသည်နှင့်အမျှ ယခင်စိုက်ပျိုးထားသော ဆီအုန်းများသည် ယခုစိုက်ပျိုးသည့် ဆီအုန်းများနှင့် ယှဉ်လိုက်မည်ဆိုပါက အထွက် နှုန်းကျဆင်းသည်ကို တွေ့ရှိရကြောင်း၊ အလားတူပင် ရာဘာပင်များတွင်လည်း မူလစိုက်ပျိုးစဉ်က မျိုးကောင်းမျိုးသန့်ဖြစ်သော်လည်း ကြာလာသောအခါ အသစ်စိုက်ပျိုးသည့်ရာဘာပျိုးပင်များနှင့် ရာဘာထွက် ကွာဟလာသည်ကို တွေ့ရှိရကြောင်း၊  ပုဇွန်မွေးမြူရေးအနေဖြင့် တစ်နှစ်လျှင်(၃)ကြိမ် ကန်တူးဖော်ရသောကြောင့် အားနည်းချက်အနေဖြင့် ရင်းနှီးမှုငွေများကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်တိုင်းဒေသကြီးတွင်ပုဇွန် မွေးမြူရေး တွင် အနည်းဆုံးမွေးမြူရေးကန်(၈၀၀)ခန့် မွေးမြူရန်ရည်မှန်းထားရှိကြောင်း၊ ထားဝယ်ဒေသရေနက်ဆိပ်ကမ်း တွင် ပုဇွန်မွေးမြူရန်လျာထားပြီး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးတွင်ဆီကြမ်းရှိသည့် အတွက် ဆီချောကြိတ်သည့် စက်(၁)နာရီ(၁)ပေပါ ထွက်ရှိသောစက်အား မှာယူထားရှိပြီး စက်ရုံအလုပ်သမားများနှင့်စမ်းသပ် လုပ်ကိုင် ဆောင်ရွက် လျက်ရှိကြောင်း၊ စမ်းသပ်အောင်မြင်ပါက တိုင်းဒေသကြီးအတွင်း စားသုံးဆီဖူလုံနိုင်ပြီး နောက်တွင် ဆီချောထွက်ရှိပါက ဒေသမှထွက်ရှိသော စားသုံးဆီအား ဒေသခံ ပြည်သူများ စားသုံးနိုင်ရေး(၁၀၀%)ဖူလုံအောင်ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ ဆန်စပါးဖူလုံမှုအနေဖြင့် တိုင်းဒေသကြီး၌ရှိသော လယ်ယာမြေတွင် အထွက်နှုန်းတိုးအောင် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကြိုးစားလုပ်ကိုင်ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း၊ တက်ရောက်လာသူများအနေဖြင့် လုပ်ငန်းများ အောင်မြင်အောင် မြန်ဆန်သွက်လက်စွာ လုပ်ကိုင်ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက်ကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဦးဆန်းလင်းဦးက ဆောင်ရွကထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ ကော်မတီအဖွဲ့ဝင်များက လိုအပ်သည့်များကို ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။

ကျော်ကျော်လတ်(ပြန်/ဆက်)