ဘားအံ ဖေဖော်ဝါရီ ၂၈
ကရင်ပြည်နယ်သည် စိုက်ပျိုးရေးကိုအဓိကထားဆောင်ရွက်နေသော ပြည်နယ်တစ်ခုဖြစ်သည့်အားလျော်စွာ စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍကို အခြေခံသည့်စီးပွားရေးလုပ်ငန်းများ တိုးတက်စေရေး ပြည်နယ်စိုက်ပျိုးရေးဦးစီး ဌာနနှင့်စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော လယ်ယာမြေဧက(၁၀၀)အဆင့်မြှင့်တင်ခြင်းနှင့် တောင်သူများသို့ သဘာဝမြေဩဇာထောက်ပံ့ ပေးအပ်သည့်အခမ်း အနားကို ယနေ့နံနက် ၈ နာရီ ခန့်က ဘားအံမြို့နယ်၊ ရသေ့ပျံကျေးရွာ၊ ကွင်းအမှတ်(၁၀၀၆/က)၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက လယ်ယာမြေများကိုအဆင့်မြှင့်တင်ခြင်းသည် ရေသွင်း/ရေထုတ်လွယ်ကူစေပြီး ရေလိုအပ်ချက်များကို လိုအပ်သလိုစီမံထိန်းချုပ်နိုင်သကဲ့သို့ လယ်ယာသုံးစက်ကိရိယာများ အလွယ်တကူဝင်ရောက်နိုင်မည်ဖြစ်ကာ တစ်သီးစားမှ နှစ်သီး/သုံးသီးစားအထိ တိုးမြှင့်စိုက်ပျိုးလာနိုင်မည်ဖြစ်၍ ပြည်နယ်၏သီးထပ်စွမ်းအားပါတိုးမြှင့် လာမည်ဖြစ်ကြောင်း၊ မြေဆီ လွှာအရည်အသွေးကောင်းမွန်ပြီး အပင်အာဟာ ရဓာတ်များ လုံလောက်မျှတစွာရရှိနေမှသာ အပင်သန်စွမ်းပြီးအစေ့အဆံပြည့်တင်းကာ အထွက်နှုန်းကောင်း၊ အရည် အသွေးကောင်းသီးနှံများ ထုတ်လုပ်လာနိုင်မည်ဖြစ်သည့်အတွက် သဘာဝမြေဩဇာများကို ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍများကို အရှိန်အဟုန်ဖြင့်တိုးတက်အောင် အဖက်ဖက်မှအားပေးကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိပြီး တောင်သူလယ်သမားများ၏အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး လုပ်ငန်းများကိုလည်း အစဉ်တစိုက်ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်စက်မှုလယ်ယာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဦးခင်မောင်သန်းက လယ်ယာမြေဧက(၁၀၀) အဆင့်မြှင့်တင်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တောင်သူဦးကြီးများက စိုက်ပျိုးရေးဆိုင်ရာ လိုအပ်ချက်များ၊ အခက်အခဲများနှင့် လိုလားချက်များကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကာ တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ရသေ့ပျံကျေးရွာမှတောင်သူများအား သဘာဝမြေဩဇာအိတ် (၁၀၀) နှင့် ဓာတ်မြေဩဇာအိတ် (၅၀)ကို ထောက်ပံ့ပေးအပ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရသေ့ပျံကျေးရွာ ကွင်းအမှတ်(၁၀၀၆/က)တွင် ခွင့်ပြု ရန်ပုံငွေ ကျပ်သန်း(၃၀)ဖြင့် ထွန်စက်ကြီး(၈) စီး၊ နောက်တွဲကိရိယာ(၁၅)လက်၊ မြေတိုင်းကိရိယာ တစ်စုံတို့ကိုအသုံးပြု၍ တောင်သူ(၂၁)ဦး၏ လယ်ယာမြေဧက(၁၀၀)အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ၇၅ ရာခိုင်နှုန်းခန့်ပြီးစီးနေမှုကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များလမ်းညွှန်မှာကြားသည်။
ပြည်နယ်အတွင်းလယ်ယာမြေအဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို နှစ်စဉ်တိုးချဲ့ဆောင်ရွက်လျက်ရှိပြီး ယခုနှစ်တွင် ရသေ့ပျံကျေးရွာ၌ ဧက (၁၀၀)၊ လှိုင်းဘွဲမြို့နယ် ကော့မြတ်ကြီးကျေးရွာ၌ ဧက(၃၀၀) စုစုပေါင်းဧက(၄၀၀)နှင့် တစ်ပြည်နယ်လုံးစုစုပေါင်းလယ်ယာမြေ (၄၅၉၂) ဧကကို အဆင့်မြှင့်တင်ပေး ခဲ့ကာ လာမည့်ဘဏ္ဍာရေးနှစ်တွင်လည်း ဘားအံ၊ လှိုင်းဘွဲ၊ ကော့ကရိတ်မြို့နယ်များတွင် စုစုပေါင်း ဧက (၁၀၀၀)အထိ ထပ်မံတိုးချဲ့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)