ရေဖြူဒေသ၌ ဒုတိယရာသီအဖွင့် ရော်ဘာဈေးတစ်ပေါင်လျှင် ၁၄၀၀ ကျပ်အထိ ဈေးရနေ

ရေဖြူ ဖေဖော်ဝါရီ ၂၈

ရေဖြူမြို့နယ်၌ ရော်ဘာခြံလုပ်ငန်းဒုတိယရာသီဖွင့်ချိန် ယ‌ေန့ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ရော်ဘာအပြားဈေးမှာ တစ်ပေါင်လျှင် ၁၄၀၀ ကျပ် အထိ ဈေးရနေကြောင်း ရော်ဘာခြံ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ရော်ဘာဈေးနှုန်းမှာ ပထမရာသီအဖွင့် အောက်တိုဘာလက တစ်ပေါင်လျင် ၁၂၀၀ ကျပ်သာ ရရှိပြီး ရွက်ဟောင်းကြွေ၍ နားချိန် ဇန်နဝါရီလလယ်လောက်တွင် တစ်ပေါင်လျှင် ၁၃၀၀ ကျပ်အထိ ဈေးရရှိခဲ့ကြောင်း ရော်ဘာလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

ရွက်ဟောင်းကြွေ၍ တစ်လတိတိ ရွက်အသစ်ပြန်ဝေချိန် ရပ်နားကြသော်လည်း အချို့မှာ ဈေးကောင်းရပြီး တွက်ခြေကိုက်သဖြင့် "ကျွန်မတို့တော့ ဒီနှစ် ပထမရာသီအကုန်ကို မနားတော့ဘူး၊ နှစ်ရက်ခြစ် တစ်ရက်နားပြီး ပုံမှန်အစေးခြစ်နေကြောင်း" ခြံရှင်တစ်ဦးက ပြောသည်။

လွန်ခဲ့သော ၆ နှစ်တာအတွင်း အမြင့်ဆုံးဈေးကို ပြန်လည်ရရှိနေသဖြင့် ရော်ဘာလုပ်ငန်း တစ်နိုင်တပိုင်လုပ်ကိုင်နေသူများမှာ တွက်ခြေကိုက်ကြောင်း သိရသည်။

ခတ္တာ(ရေဖြူ)