ပွင့်ဖြူမြို့မ စည်ပင်သာယာဈေးတွင် ကျူးကျော်ဈေးဆိုင်ခန်းများ ရောင်းချမှုမရှိစေရေးနှင့် မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး အသိပညာပေး

ပွင့်ဖြူ ဖေဖော်ဝါရီ ၂၈

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစည်ပင်သာယာဈေးကြီးအား ပွင့်လင်းရာသီကာလ မီးဘေးလုံခြုံစိတ်ချရမှုရှိစေရန်နှင့် ဈေးပတ်ဝန်းကျင် ကျူးကျော်ဈေးဆိုင်ခန်းများ ဖွင့်လှစ်ရောင်ချခြင်း ရှိ၊ မရှိ စစ်ဆေးအသိပညာပေးခြင်းကို ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက  ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်း‌ဆောင်ရွက်ရာ၌ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့် ကော်မတီအဖွဲ့ဝင်များက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်နှင့် တာဝန်ရှိသူများနှင့်အတူ ပွင့်ဖြူမြို့မ စည်ပင်သာယာဈေးသို့ သွားရောက်ပြီး ဈေးအတွင်း၊ အပြင်ရှိ ဈေးဆိုင်ခန်းများ မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိ၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ထားရှိသော အထောက်အကူပြုပစ္စည်းများ ကြံ့ခိုင်ကောင်းမွန်မှု ရှိ/မရှိ၊ ရေလှောင်ကန်များတွင် လွယ်လင့်တကူ ရေရယူသုံးစွဲနိုင်ရေး ရေဖြည့်တင်းထားခြင်း ရှိ/မရှိ၊ ဈေးဝန်းကျင် ကျူးကျော်ဈေးဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချခြင်း ရှိ / မရှိ၊  ဈေးအဝင်အထွက်လမ်းများ၌ သွားလာရေး အဆင်ပြေစေရန် ဈေးဆိုင်ခန်းများတွင် အမိုးအကာများဖြင့် ပိတ်ဆို့ရောင်းချမှု ရှိ/မရှိ၊ ဈေးအတွင်းရှိ သားငါး ဈေးဆိုင်ခန်းများ ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်မှုရှိစေရေး စနစ်တကျ ရောင်းချခြင်း ရှိ/မရှိ၊ အများသုံးသန့်စင်ခန်းများ သန့်ရှင်းသပ်ရပ်စွာ ဆောင်ရွက်ထားမှု ရှိ/မရှိတို့ကို လိုက်လံကြည့်ရှုစစ်ဆေးရာ ဈေးတာဝန်ခံနှင့် ဈေးကော်မတီဝင်များက ပွင့်လင်းရာသီကာလ ဈေးမီးဘေးလုံခြုံရေးနှင့် ဈေးသန့်ရှင်းရေး နေ့စဉ် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ကြသည်။ ထို့နောက် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဈေးဆိုင်ခန်းများအလိုက် တပ်ဆင်အသုံးပြုလျက်ရှိသော လျှပ်စစ်မီးများနှင့်ပတ်သက်ပြီး စနစ်တကျ ကိုင်တွယ်အသုံးပြုကြရန်နှင့် မီးဘေးအန္တရာယ်မဖြစ်‌စေရေး အထူးဂရုပြု ဆောင်ရွက်ကြရန်‌၊ ဈေးတွင်း၊ ဈေးပြင် သန့်ရှင်းရေး စနစ်တကျ လုပ်ကိုင်ကြရန်  အသိပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ပွင့်လင်းရာသီကာလ ဈေးမီးဘေးလုံခြုံရေးနှင့် ဈေးလုံခြုံရေးတို့အတွက် မြို့မစည်ပင်သာယာရေးဈေးကြီးအပါအဝင် စည်ပင် သာယာရေးအဖွဲ့ နယ်နိမိတ်အတွင်းရှိ ကျေးလက်စည်ပင်သာယာဈေး(၄)ခုအား ဈေးတာဝန်ခံများနှင့် ဈေးကော်မတီအဖွဲ့များ ပူးပေါင်းပြီး ညစဉ် ကြပ်မတ်စစ်ဆေးခြင်း၊ ဈေးသူ၊ ဈေးသားများကို မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးဘေးအန္တရာယ်ဆိုင်ရာ ဆင်ခြင်သတိပြုရမည့်အချက်များကို အသိပညာပေး ဆွေးနွေးဟောပြောခြင်း၊ သန့်ရှင်းသပ်ရပ်စွာဖြင့် ဈေးရောင်း၊ ဈေးဝယ်ပြုလုပ်နိုင်ရန်အတွက် အပတ်စဉ် ဈေးသန့်ရှင်းရေးလုပ်ငန်းများ  ဆောင်ရွက်ခြင်းတို့ကို အရှိန်အဟုန်မပျက် ကြပ်မတ်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်က ပြောပြ၍ သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)