မြောင်းမြ ဖေဖော်ဝါရီ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ရှိ မြစိမ်းရောင်သာသနာ့နယ်မြေရှိ မြတိဂုံစေတီတော်မြတ်ကြီး ဘက်စုံမွမ်းမံပြင်ဆင်ခြင်း၊ ပြည်လုံးကပ်ကာစေတီတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံခြင်းနှင့် စိန်ဖူးတော်အသစ်တင်လှူပူဇော်ခြင်း၊ အမရဝတီဆင်ဖြူတောင် စေတီတော်မြတ်ကြီး တည်ထားကိုးကွယ်ခြင်း ထီးတော်နှင့်စိန်ဖူးတော် တင်လှူပူဇော်ခြင်း တို့အတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ(၃)နာရီအချိန်က မြောင်းမြ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ရာ မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌ ဆရာတော်ကြီးဘဒ္ဒန္တအာစာရသိရီက တရားတော်များ ချီးမြှင့်ပေးခဲ့သည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးမှ မြစိမ်းရောင် သာသနာ့နယ်မြေ ဘက်စုံပြုပြင်မွမ်းမံပြင်ဆင်ခြင်းနှင့် ဘုရားထီးတော်တင်လှူခြင်းများနှင့် ပတ်သက်၍ ရှင်းလင်းလျှောက်ထားခဲ့သည်။ ထို့နောက် ကြွရောက်လာကြသော အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည်။ ဆက်လက်ပြီး ဒေါင့်ကြီးဆရာတော် ဦးဇောတိပါလထံမှ အလှူရေစက်ချ အနုမောဒနာတရား နာယူကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု(၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ရုတ်သိမ်း ခဲ့ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားတွင် မြစိမ်းရောင်သာသနာ့နယ်မြေ ဘက်စုံပြုပြင် မွမ်းမံပြင်ဆင်ခြင်းနှင့် ဘုရားထီးတော်တင်လှူခြင်းများအတွက် အလှူငွေ စုစုပေါင်း (၃၅၉၉၁၀၀၀/−) လှူဒါန်းခဲ့ကြောင်း သိရသည်။
မြောင်းမြခရိုင်(ပြန်/ဆက်)