မကွေး ဖေဖော်ဝါရီ ၂၈
မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၃) ကြိမ်မြောက်အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံသားများ၏ စီးပွားရေးလုပ်ငန်းများ တိုးတက်ကောင်းမွန်လာစေရေးတို့အတွက် ကဏ္ဍစုံတွင် ပြည်တွင်း-ပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးတက်များပြားလာစေရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံအတွင်း ပြည်တွင်း-ပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးတက်များပြားလာခြင်းဖြင့် နိုင်ငံသားများ၏ MSMEs လုပ်ငန်းများလည်း စီးပွားရေးကွင်းဆက်အလိုက် ဖွံ့ဖြိုးလာကြမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံ၏စားနပ်ရိက္ခာလုံခြုံရေး၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စားဆိုင်ရာစီးပွားရေးလုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှု၊ လျှပ်စစ်ကဏ္ဍ၊ ပို့ဆောင်ဆက်သွယ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစဖဖွံ့ဖြိုးတိုးတက်ရေးတို့တွင် အောင်မြင်မှုများရရှိအောင် အလေးထားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ပတ်ဝန်းကျင်ထိခိုက်မှုကို အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်ရန်နှင့် နိုင်ငံအတွင်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို ပိုမိုအသုံးချလာကြစေရန်အတွက် အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီဖွဲ့စည်း၍ လျှပ်စစ်ယာဉ်ထုတ်လုပ်သည့်လုပ်ငန်းများ ဖြစ်ထွန်းလာစေရန်နှင့် နိုင်ငံ၏သယ်ယူပို့ဆောင်ရေး စနစ်တွင် လျှပ်စစ်ယာဉ်များကို အစားထိုးသုံးစွဲမှုများဆောင်ရွက်ရန် EV - Electric Vehicles ဆိုင်ရာမူဝါဒများနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများအတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ဦးစားပေးမြှင့်တင်မည့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍအဖြစ် သတ်မှတ်ကြေငြာထားပါကြောင်း၊ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် အဆိုပါကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်မည်ဆိုပါက အကောက်ခွန်နှင့်ဝင်ငွေခွန်ဆိုင်ရာ ကင်းလွတ်ခွင့်များ လျှောက်ထားရယူနိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်း ပြည်တွင်း-ပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးပွားများပြားလာရေး၊ နိုင်ငံတကာနှင့်ပတ်ဝန်းကျင် နိုင်ငံများ၏ အခြေအနေများကို လေ့လာသုံးသပ်ပြီး ဈေးကွက်နှင့်ကိုက်ညီသည့် သီးနှံများတိုးချဲ့စိုက်ပျိုးရေး၊ တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်ခြင်းနှင့် အဆင့်မြင့် နည်းပညာသုံးပစ္စည်းများထုတ်လုပ်နိုင်ရေး၊ ရှိရင်းစွဲစက်ရုံအလုပ်ရုံများ စွမ်းအားပြည့် လည်ပတ်စေခြင်းနှင့် အဆင့်မြှင့်တင်ရေး၊ မိမိထုတ်ကုန်များကို နိုင်ငံတကာဈေးကွက်သစ်ရရှိလာစေရေးအတွက် အားထားဆောင်ရွက်ကြမည်ဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် စိတ်ပါဝင်စားသည့် ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ရေးနှင့် ရောက်ရှိပြီးသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် စီးပွားရေးဝန်းကျင်ကောင်းတစ်ခုဖြစ်စေရေးကို ကော်မတီအဖွဲ့ဝင်များနှင့်သက်ဆိုင်ရာ ဌာနများကအကောင်းဆုံးသော ဝန်ဆောင်မှုများဖြင့် ဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့က ကွင်းဆင်းဝန်ဆောင်မှုပေးခဲ့သည့် လုပ်ငန်းများအပေါ် ကော်မတီအဖွဲ့ဝင်များက ဆွေးနွေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များအနေဖြင့် မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၊ မကွေးမြို့နယ်စုပေါင်းရုံး(ဒုတိယထပ်)၊ ပြည်တော်သာ(၁)လမ်း၊ ပြည်တော်သာရပ်ကွက်၊ မကွေးမြို့၊ ဖုန်း-၀၆၃-၂၀၂၈၇၄၈ သို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရှိရသည်။
မောင်ညီညာ