မင်းလှမြို့နယ်တွင် ဝါစိုက်တောင်သူများ ပန်းတိုင်အထွက်နှုန်း ရရှိရေးပညာပေးဆွေးနွေး

အထက်မင်းလှ   ဖေဖော်ဝါရီ ၂၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝါစိုက်တောင်သူများအား ပန်းတိုင်အထွက်နှုန်းရရှိရေး ပညာပေးဆွေးနွေးခြင်းကို ယမန်နေ့ နံနက် (၉) နာရီက ရေခါးကျေးရွာနှင့် သပြေတောကျေးရွာများရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့သည်။

ပညာပေးဆွေးနွေးပွဲတွင် မင်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မြတ်သင်းအေးက ချည်မျှင်‌‌ရှည်ဝါတစ်ဧကအထွက်နှုန်းတိုးတက်ရေး၊ လက်ထောက်ဦးစီးမှူး ဦးဇော်မျိုးထက်က ချည်မျှင်ရှည်ဝါ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ လက်ထောက်ဦးစီးမှူး ဦးတင်မိုးလှိုင်က မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးနှင့် ပိုးမွှားရောဂါ ဘက်စုံကာကွယ် နှိမ်နင်းနည်းများ၊ လက်ထောက်ဦးစီးမှုး ဒေါ်သဲအိလှိုင်က တစ်ဧအထွက်နှုန်းတိုးတက်ရေး တို့ကို ပညာပေးဆွေးနွေးခဲ့ကြသည်။

ထို့နောက် ကျေးရွာနေပြည်သူများကမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများ၏ ပညာပေးဆွေးနွေးချက်များမှ သိလိုသည်များကို ဆွေးနွေးမေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။ အဆိုပါ အသိပညာပေး ဆွေးနွေးခြင်းဖြင့် ချည်မျှင်ရှည် ဝါစိုက်တောင်သူများသည် စိုက်ပျိုးရေးနည်းစနစ်များသိရှိ‌စေပြီး၊ ပန်းတိုင်အထွက်နှုန်းရရှိ‌မည် ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဇာဇာ(အထက်မင်းလှ)