ပဲခူးမြို့၊ ဆုတောင်းပြည့်စွယ်တော်ရှင်မဟာစေတီတော်မြတ်ကြီးအား ထီးတော်၊ စိန်ဖူးတော်တင်လှူပူဇော်နိုင်ရေး သံဃာအပါး(၁၀၀၀)ဖြင့် အနေကဇာတင်ခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူခြင်းအခမ်းအနားအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပဲခူး ဖေဖော်ဝါရီ  ၂၈

ပဲခူးမြို့၊ ဆုတောင်းပြည့်စွယ်တော်ရှင်မဟာစေတီတော်မြတ်ကြီးအား ထီးတော်၊ စိန်ဖူးတော် တင်လှူပူဇော်နိုင်ရေး သံဃာအပါး(၁၀၀၀)ဖြင့် အနေကဇာတင်ခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူခြင်းအခမ်းအနားအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေပိုင်းက မဟာစေတီဘုရားရင်ပြင်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ ဆုတောင်းပြည့်စွယ်တော်ရှင်မဟာစေတီတော်မြတ်ကြီးအား ထီးတော်၊ စိန်ဖူးတော် တင်လှူပူဇော်နိုင်ရေးကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သောင်းထိုက်က အဖွင့်အမှာစကား   ပြောကြားခဲ့ပြီး ကျင်းပရေးဦးစီးကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးအေးမောင်ကြည်က လုပ်ငန်းဆပ်ကော်မတီအလိုက် ဖွဲ့စည်းထားခြင်းနှင့်   လုပ်ငန်းတာဝန်များကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် တက်ရောက်လာသော လုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌများမှ မိမိတို့လုပ်ဆောင်ထားရှိမှုအခြေနေများကို ရှင်းလင်းတင်ပြရာ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သောင်းထိုက်က လိုအပ်သည်များကို  ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီးနိဂုံးချုပ်အမှာစကားပြောကြားခဲ့ကာ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါ ဆုတောင်းပြည့်စွယ်တော်ရှင်မဟာစေတီတော်မြတ်ကြီးအား ထီးတော်၊ စိန်ဖူးတော် တင်လှူပူဇော်ခြင်းအခမ်းအနားကို မတ်လ (၅)ရက်တပေါင်းလပြည့်နေ့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)