သာပေါင်း ဖေဖော်ဝါရီ ၂၇
ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ငါးသယံဇာတ တိုးပွားစေရေး အတွက် ငါးမြစ်ချင်းသားပေါက် (၁၀၀၀၀၀) ငါးမျိုးစိုက်ထည့်ပေးခြင်းကို ယနေ့ နံနက် ၉ နာရီ အချိန်က ဥတိုအဝပိုင်းအင်း၊ အင်းချောင်းများအတွင်းသို့ ငါးမျိုးများစိုက်ထည့် ပေးခဲ့ကြသည်။
အခမ်းအနားတွင် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ဦးစီးမှူး ဦးမျိုးသိန်းမှ ငါးစားသုံးမှုမြင့်မားလာပြီး ငါးသယံဇာတ တိုးပွားလာစေရေး၊ ငါးထုတ်လုပ်မှု ပိုမိုတိုးတတ်မြင့်မားလာစေပြီး ပြည်သူများ ငါးစားသုံးမှုဖူလုံစေရေးတို့အတွက် ရည်ရွယ်ချက်ဖြင့် ငါးလုပ်ငန်းဦးစီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အင်းချောင်းများအတွင်းသို့ ငါးမျိုးများ စိုက်ထည့် ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး လှဝင်း၊ အဖွဲ့ဝင်(၂) ဦးကျော်တိုး၊ မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးမျိုးသိန်း၊ မြို့နယ်ဌာန ဆိုင်ရာများ၊ မြို့နယ်ငါးလုပ်ငန်းကြီးကြပ်ရေးကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ အင်းလုပ်ကိုင်သူများမှ ဥတိုအဝပိုင်း အင်းချောင်းများအတွင်းသို့ ငါးမြစ်ချင်းသားပေါက်ကောင်ရေ (၁၀၀၀၀၀)တို့အား စုပေါင်းငါးမျိုးစိုက်ထည့်ခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း(ပြန်/ဆက်)