ချောက် ဖေဖော်ဝါရီ ၂၇
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်မီးသတ်တပ်ဖွဲ့ ဦးစီးအရာရှိ ဦးသိန်းဇော်ဝင်းက မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက်တာဝန် (၄) ရပ်ဖြစ်သည့် မီးဘေးလုံခြုံရေး၊ သဘာဝဘေး အန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးလုပ်ငန်းများအားလည်းကောင်း၊ မီးလောင်ကျွမ်းခြင်းအကြောင်းအရင်းများ၊ မီးအတန်းအစားခွဲခြားခြင်း၊ အခြေခံမီးငြှိမ်းသတ် နည်း(၃)နည်း၊ မီးသတ်ယာဥ်စက်များ အချိန်မီငြှိမ်းသတ်နိုင်ရန်ဆောင်ရွက်နေမှုများ၊ လျှပ်စစ်မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းအရင်းအချက်အလက်များ၊ လျှပ်စစ်မီးလောင်လျှင် ရှောင်ကျဥ်ရမည့်အချက်များ၊ မီးငြှိမ်းသတ်ခြင်းစနစ်များ၊ မီးသတ်ဆေးဘူးအမျိုး အစားများနှင့်အသုံး ပြုပုံတို့အားလည်းကောင်း၊ မီးလောင်မှုဖြစ်ပွားပါကဆောင်ရွက်ရမည့်အချက်များ၊ မီးဘေးအန္တရာယ်ကြုံတွေပါက အမြန်ဆုံးဆက်သွယ်အကြောင်းကြားနိုင်သည့် ဖုန်းနံပါတ်များကိုလည်းကောင်းအသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများအား မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးဘေးလုံခြုံရေးအသိပညာပေးစာစောင်များ ဖြန့်ဝေပေးအပ်ခဲ့သည်။
အဆိုပါအသိပညာပေးဟောပြောပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးကျော်နှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)