ပွင့်ဖြူမြို့နယ်၌ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရန်နှင့် မြို့ပြသန့်ရှင်းသာယာရေးအတွက် ကြိုးပမ်းဆောင်ရွက်

ပွင့်ဖြူ ဖေဖော်ဝါရီ ၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ပွင့်ဖြူမြို့အား အစဉ်အမြဲ သန့်ရှင်းသာယာလှပစေရန်နှင့် ပြည်သူများ စည်းကမ်းတကျ အမှိုက်စွန့်ပစ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ မြို့ပြသန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ကြိုးပမ်းလုပ်ဆောင်လျက်ရှိရာ ယမန်နေ့က မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက အမှိုက်သိမ်းယာဉ်တစ်စီးဖြင့် မြို့ပတ်လမ်းဘေး (ဝဲ၊ယာ)ရှိ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးအတွက် သဲနုန်းနှင့် ရွှံနွံများ ဆယ်ယူရှင်းလင်းခြင်း၊ သစ်ရွက်ခြောက်များနှင့် အမှိုက်များ ဆယ်ယူရှင်းလင်းခြင်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ မြို့ပြသန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က အမှိုက်သိမ်းယာဉ်တစ်စီးဖြင့် မြို့တွင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် ဆောင်ရွက်ထားရှိသည့် မြို့ပတ်လမ်းဘေး (ဝဲ၊ ယာ)ရှိ အုတ်ရေနုတ်မြောင်းများရှိ  သဲနုန်းနှင့် ရွှံ့နွံများ၊ သစ်ရွက်ခြောက်များနှင့် အမှိုက်သရိုက်များကို ရေစီးရေလာကောင်းမွန်စေရန်နှင့် ဒေသခံပြည်သူလူထု ကျန်းမာရေးဆိုးကျိုး အန္တရာယ်ကင်းဝေးစေရန် စနစ်တကျ ဆယ်ယူရှင်းလင်းခြင်း၊ လမ်းဘေးတစ်လျှောက် သန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခြင်းများ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေး အတွက် နေ့စဉ် အမှိုက်သိမ်းယာဉ်ဖြင့် မြို့ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်စေရန် စည်းကမ်းမဲ့ စွန့်ပစ် ပလပ်စတစ်အမှိုက်များ ကောက်ယူရှင်းလင်းခြင်း၊ မြို့တွင်း ရေနုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်ရေး ဆောင်ရွက်ခြင်း၊ မြို့တွင်းလမ်းဘေး ပလက်ဖောင်းများ သစ်လွင်တောက်ပစေရန် ဆေးသုတ်ခြင်း၊ လမ်းဆုံလမ်းခွများ၌ ယာဉ်အန္တရာယ်ကင်းဝေးစေရန် ဆောင်ရွက်ထားရှိသော Slow Down များ ပြုပြင်ထိန်းသိမ်းခြင်း၊ သာယာစိမ်းလန်းစိုပြည်စေရန် စိုက်ပျိုးထားရှိသော Flower Box များ ဆေးသုတ်ခြင်းနှင့် ပန်းအလှပင်များ ရေဖျန်းခြင်း၊ မြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ မြို့မစည်ပင်သာယာဈေးနှင့် ကျေးလက်ဈေးများ အပတ်စဉ် ဈေးသန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ ပြည်သူ လူထုစနစ်တကျ အမှိုက်စွန့်ပစ်နိုင်ရန် အမှိုက်များ လိုက်လံသိမ်းဆည်းပေးခြင်း စသည့် မြို့ပြသန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့် ထံမှ သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )