ဂန့်ဂေါတွင် စာအောင်သံဃာတော်များအား ဂုဏ်ပြုပူဇော်ပွဲကျင်းပ

ဂန့်ဂေါ ဖေဖော်ဝါရီ ၂၇

ဂန့်ဂေါမြို့ မြို့မတောင်ကုန်းကျောင်းမှ သာသနဓဇဓမ္မာစရိယ အောင်မြင်တော်မူသော အရှင်ပညာစာရ၊ မြို့မအရှေ့ကျောင်းတိုက်မှ သာသနဓဇဓမ္မာစရိယ အောင်မြင်တော်မူသော အရှင်ရေဝတ၊ မြို့မတောကျောင်းမှ စာချတန်းသီလက္ခန်တစ်ကျမ်းအောင် အရှင်ဝိလာသ၊ မြို့မတောကျောင်းမှ သာသနာလင်္ကာရ သာမဏေကျော် ဝိနယဝိဒူ ရှင်ပညာသာရာလင်္ကာရ၊ မြို့မတောကျောင်းမှ သာမဏေကျော် ပထမဆင့်အောင် ရှင်ပဏ္ဍိတဝရ၊ မြို့မတောကျောင်းမှ သာမဏေကျော်အကြိုတန်းအောင် ရှင်ဓမ္မာနန္ဒ  ဂုဏ်ပြုပူဇော်ပွဲကို ဖေဖော်ဝါရီ ၂၆ ရက် နံနက်တွင် မြို့မတောကျောင်း၌ ကျင်းပသည်။

အခမ်းအနားကို ရှေးဦးစွာ နမောတဿ ဘုရားရှိခိုးဖြင့်ဖွင့်လှစ်၍ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မြို့ခင်းသာ ပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တဇဋိလထံမှ ရှစ်ပါးသီလကို ခံယူဆောက်တည် ကြကာ သံဃာတော်များချီးမြှင့်သည့် ပရိတ်တရားတော်ကိုနာယူကြပြီး လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ သာသနဓဇဓမ္မာစရိယ အောင်မြင်တော်မူသော အရှင်ပညာစာရ၏ အတ္ထုပ္ပတ္တိကို ဒေါ်ချိုကလည်းကောင်း၊ သာသနဓဇဓမ္မာစရိယ အောင်မြင်တော်မူသော အရှင်ရေဝတ၏ အတ္ထုပ္ပတ္တိကို ဒေါ်သက်မာထွေးက လည်းကောင်း၊ သာသနာလင်္ကာရ သာမဏေကျော် ဝိနယဝိဒူ အောင်မြင်တော်မူသော ရှင်ပညာသာရာလင်္ကာရ၏ အတ္ထုပ္ပတ္တိကို ဒေါ်အေးအေးမြင့်ဦးကလည်းကောင်း၊ အရှင်ဝိလာသ၏ အတ္ထုပ္ပတ္တိကို ဒေါ်ခင်မျိုးထွေးကလည်းကောင်း၊ ရှင်ပဏ္တိတဝရ၏ အတ္ထုပ္ပတ္တိကို ဒေါ်သင်းသင်းဦးကလည်းကောင်း အသီးသီးဖတ်ကြားဂုဏ်ပြုကြ၍ ဝတ်အသင်းသူ အသင်းသားများက   စာအောင်သံဃာတော်များအား ချီးကျူးပူဇော်ဂုဏ်ပြုသည့် ရှစ်လုံးဘွဲ့ကဗျာများကို ရွတ်ပွါးပူဇော် ကြကာ ပူဇော်ပွဲကျင်းပရေးကော်မတီနာယက  ဦးသန်းမြင့်က သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။ ပူဇော်ပွဲသို့ သံဃာတော် ၇၅ ပါးတို့ကြွရောက်ကြ၍ ဂန့်ဂေါခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီး အကဲများ၊ ပူဇော်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ခင်နှင့် အဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက်များမှ ဒါယကာ၊ ဒါယိကာမများ တက်ရောက်ကြသည်။ အဆိုပါ   ပူဇော်ပွဲ ကျင်းပရာနေ့တွင် ကြွရောက်တော်မူလာကြသော သံဃာတော်များနှင့် စာအောင်သံဃာတော်များအား တက်ရောက်လာကြသူများက လှူဖွယ်ပစ္စည်းများဆက်ကပ်ပူဇော်ကြပြီး အကြိုနေ့တွင်လည်း မြို့ပေါ်ရပ်ကွက်များ၌ လှည့်လည်ပူဇော်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။                                                                             

မောင်မျိုးမင်း