တောင်ငူမြို့၌ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ပြည်သူများ လက်ဝယ်အရောက် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး

တောင်ငူ ဖေဖော်ဝါရီ ၂၇

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ငူခရိုင်ရုံးက ပြည်သူများစာဖတ်သည့် အလေ့အထများရှိလာစေရန်၊ စာပေကိုလက်လှမ်းမီစွာ ဖတ်ရှုလေ့လာ နိုင်စေရန်၊ စာပေဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာဗဟုသုတများ ကြွယ်ဝလာပြီး အမှန်နှင့်အမှားကို ဝေဖန်ပိုင်းခြားတတ်စေရန်၊ လူငယ်လူရွယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ရွေ့လျား‌စာကြည့်တိုက်မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များကို ပြည်သူများ လက်ဝယ်အရောက်သွားရောက် ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက တောင်ငူခရိုင်ပညာရေးမှူးရုံး၊ မြို့နယ်ပညာရေးမှူးရုံးနှင့် တောင်ငူခရိုင် အိုးအိမ်ဦးစီးဌာန ပြည်တော်သာ ဝန်ထမ်းအိမ်ရာသို့ သွားရောက်ငှားရမ်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူများအား  သုတ၊ ရသစာအုပ်များကို  တစ်ကြိမ်လျှင် နှစ်ပတ်ကြာအထိ အခမဲ့ငှားရမ်းပေးပြီး၊ အသင်းဝင်ရောက်လိုသူများ ကိုလည်း အသင်းဝင်ကတ်ပြားများ ရရှိရေးအတွက် ဆောင်ရွက်ပေးကြောင်း၊ ဌာနဆိုင်ရာရုံးများနှင့် အခြေခံပညာကျောင်းများသို့ အလှည့်ကျစနစ်ဖြင့် စာအုပ်စာစောင်များ လှည့်လည်ငှားရမ်း ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်