ပွင့်ဖြူမြို့နယ်၌ တစ်ပိုင်တစ်နိုင် သီးနှံစိုက်ပျိုးထုတ်လုပ်နိုင်ရေး ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေးလုပ်ငန်း စမ်းသပ်လုပ်ကိုင်လာ

ပွင့်ဖြူ ဖေဖော်ဝါရီ ၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာတွင် ဒေသခံပြည်သူများက စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းကို စီးပွားဖြစ် အားထားလုပ်ကိုင်ကြကြောင်းသိရပြီး ယခုနှစ်တွင် ကျေးရွာရှိ ဒေသခံတောင်သူအချို့က မြေအောက်ရေဖြင့် (နွေ၊ မိုး၊ ဆောင်း) တစ်နှစ်ပတ်လုံး တစ်ပိုင်တစ်နိုင် သီးနှံစိုက်ပျိုး ထုတ်လုပ်နိုင်ရန်အတွက် ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေးလုပ်ငန်းအား စမ်းသပ်လုပ်ကိုင်လာ ကြကြောင်း အဆိုပါ ရေပုတ်ကြီးကျေးရွာမှ ဒေသခံတောင်သူများထံက သိရသည်။

“ ကျွန်တော်တို့ ‌ရေပုတ်ကြီးကျေးရွာက ဒေသခံပြည်သူတွေဟာ စိုက်ပျိုးရေးလုပ်ငန်းနဲ့ မွေးမြူရေးလုပ်ငန်းကို အဓိကစီးပွားဖြစ် လုပ်ကိုင်ကြပါတယ်။ ကျွန်တော်တို့ကျေးရွာလေးက မဲဇလီရေလွှဲဆည် ရေကစိုက်ပျိုးရေပေးဝေတဲ့ ရေလက်တံမြောင်းတွေနဲ့ နည်းနည်းအလှမ်းဝေးတော့ ဆည်ရေစနစ်နဲ့ စိုက်ပျိုးရေးလုပ်ငန်းကို တောင်သူတိုင်း မစိုက်ပျိုးနိုင်ကြဘူး။ ‌ဆည်ရေပေးတဲ့ ‌ရေလက်တံမြောင်းနဲ့နီးတဲ့ လယ်မြေတွေလောက်ပဲ စိုက်ပျိုးရတာပါ။ တစ်ချို့ တောင်သူတွေကျတော့လည်း စလင်းမြို့နယ်ထဲက လင်ဇင်းရေလွှဲဆည်ရေပေးဝေတဲ့ ရေလက်တံမြောင်းနဲ့နီးတဲ့သူတွေလည်း ဆည်ရေနဲ့စိုက်ပျိုးရပါတယ်။ တောင်သူအများစုကတော့ မိုးကောင်းသောက်စနစ်နဲ့ စိုက်ပျိုးကြပါတယ်။ ဒါ့ကြောင့် ယခုနှစ်မှာ တောင်သူတစ်ချို့က မြေအောက်ရေနဲ့ သီးနှံစိုက်ပျိုး ထုတ်လုပ်နိုင်ဖို့အတွက် ဆိုလာရေတင်စနစ်နဲ့ စမ်းသပ်စိုက်ပျိုးလုပ်ကိုင်လာကြတယ်။ ယခုလို ကိုယ်ပိုင် ဆိုလာရေတင်စနစ်နဲ့ ဆောင်ရွက်မယ် ဆိုရင်တော့ (နွေ၊ မိုး၊ ဆောင်း ) တစ်နှစ်ပတ်လုံး ဆန်စပါး ၊ ဆီထွက်သီးနှံ ၊ ပဲမျိုးစုံသီးနှံတွေနဲ့ အခြား စားဖိုဆောင်သီးနှံမျိုးစုံတို့ကို အဆင်ပြေစွာ စိုက်ပျိုးနိုင်မှာဖြစ်လို့ တောင်သူတွေတိုင်း လုပ်ကိုင် သင့်ပါတယ်” ဟု ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာမှ ဒေသခံတောင်သူတစ်ဦးက ပြောသည်။

ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာသည် အိမ်ခြေ ၆၅၀၊ လူဦးရေ ၃၀၀၀ ကျော်ခန့်ရှိပြီး ဒေသခံပြည်သူ များမှာ စိုက်ပျိုးနှင့် မွေးမြူရေးလုပ်ငန်းကို စီးပွာဖြစ် လုပ်ကိုင်ကြပြီး ဘိုးဘွားစဉ်ဆက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု ဆံရစ်ဝိုင်းထားသိုမှုဓလေ့ကို ယနေ့ထိတိုင် တန်ဖိုးထားထိန်းသိမ်းသည့် ကျေးရွာလေးဖြစ်ကာ ယခုနှစ်တွင် ဒေသခံတောင်သူအချို့က တစ်နှစ်ပတ်လုံး တစ်ပိုင်တစ်နိုင် သီးနှံစိုက်ပျိုးနိုင်ရေး အတွက် မြေအောက်ရေအား ဆိုလာရေတင်စနစ်ဖြင့် အသုံးပြုစိုက်ပျိုးနည်းစနစ်ကို စမ်းသပ်လုပ်ကိုင် လျက်ရှိပြီး လုပ်ငန်းအောင်မြင်၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )