ကော့သောင်းမြို့နယ်လုံးဆိုင်ရာ (၂၁)ကြိမ်မြောက် ပရိယတ္တိသာသန နုဂ္ဂဟစာပြန်စာမေးပွဲ စာအောင်ဆုနှင်း သဘင်နှင့်ဆွမ်းခြောက်လောင်းလှူပွဲ အခမ်းအနားကျင်းပ

ကော့သောင်း ဖေဖော်ဝါရီလ၂၇

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ (၂၁)ကြိမ်မြောက် ပရိယတ္တိသာသနာ့နုဂ္ဂဟစာပြန်စာမေးပွဲ စာအောင်ဆုနှင်းသဘင်နှင့် ဆွမ်းခြောက်လောင်းလှူပွဲအခမ်းအနားကို ယမန်နေ့နေ့လည်ပိုင်းက ပြည်တော်အေးသာသနာ့ဗိမာန်တော်၌ပြုလုပ်ရာ မြို့နယ်သံဃနာယက အဖွဲ့ဥက္ကဌဆရာတော်နှင့် ဩဝါဒါစရိယနာယကဆရာတော်ကြီးများ၊ အမှုဆောင်နှင့်ကြီးကြပ်ရေး ဆရာတော်ကြီးများ၊ ပုစ္ဆက၊ဝိသဇ္ဇနဆရာတော်ကြီးများ၊ စာထောက်စာမဆရာတော်ကြီးများ၊ စာအောင်သံဃာတော်များနှင့်ရှင်သာမဏေများ၊ ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများတက်ရောက်ခဲ့ ကြသည်။

အခမ်းအနားအား  နမောတဿ (၃) ကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး ကြွရောက်လာကြသောဧည့်ပရိသတ်တို့က ရွှေပြည်သာဆရာတော်ဦးပါမောက္ခထံမှ ငါးပါးသီလ ခံယူစောင့်တည်ခဲ့ကြသည်။ယင်းနောက် ကော့သောင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဦးဖြိုးမင်းထိုက်က သာသနာရေးဆိုင်ရာများ တင်ပြလျှောက်ထားပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှကြီးမှူးကျင်းပသည့် ပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်ကြသည့် အလတ်တန်း(၃)ပါး၊ အခြေပြုမူလတန်း(၁၅)ပါး နှင့်(၂၁)ကြိမ်မြောက် ကော့သောင်းမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနာနုဂ္ဂဟ စာပြန်စာမေးပွဲတွင်ဖြေဆိုအောင်မြင်ကြသည့် အကြီးတန်း (၁)ပါး၊အလတ်တန်း(၃)ပါး၊အငယ်တန်း (၁၄)ပါး၊ အခြေပြုမူလတန်း(၁၉)ပါးတို့အား တာဝန်ရှိသူများက အောင်လက်မှတ်နှင့်ဂုဏ်ပြုဆုများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ထို့နောက် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဌဆရာတော်နှင့်ဩဝါဒါစရိယနာယကဆရာတော်ကြီးများ၊အမှုဆောင်နှင့်ကြီးကြပ်ရေးဆရာတော်ကြီးများ၊ ပုစ္ဆက၊ ဝိသဇ္ဇနဆရာတော်ကြီးများ၊ စာထောက်စာမဆရာတော်ကြီးများအား လှူဘွယ်ဝတ္ထုများဆက်ကပ်လှူဒါန်း၍  မြို့လယ်ကျောင်းဆရာတော်ဦးဇဝနကရေစက်ချအနုမောဒနာ တရားချီးမြှင်ခဲ့ပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားအားရုတ်သိမ်းခဲ့သည်။

စာအောင်ဆုနှင်းသဘင်အခမ်းအနားအပြီးတွင် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဌဆရာတော် နှင့်ဩဝါဒါစရိယနာယကဆရာတော်ကြီးများ၊ အမှုဆောင်နှင့်ကြီးကြပ်ရေး ဆရာတော် ကြီးများ၊ ပုစ္ဆက၊ဝိသဇ္ဇနဆရာတော်ကြီးများ၊ စာထောက်စာမဆရာတော်ကြီးများ၊ စာအောင် သံဃာတော်များနှင့်ရှင်သာမဏေများအား ဆွမ်းခြောက်များလောင်းလှူခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)