ဖျာပုံ ဖေဖော်ဝါရီ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ ထိန်းသိမ်းရေးကော်မတီမှ ဦးဆောင်၍ မြို့နယ်အတွင်း သွားလာနေကြသော ဆိုင်ကယ်မောင်းနှင်ကြသည့် ပြည်သူများအား ဆိုင်ကယ်မောင်းနှင် ရာတွင် ဆိုင်ကယ်စီးဦးထုပ်အား မေးသိုင်းကြိုး သေချာစွာ တပ်ဆင်မောင်းနှင်ကြခြင်းဖြင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရန် ရည်ရွယ်၍ အသိပညာပေး ဆောင်ရွက်ခြင်းကို ဖျာပုံမြို့အတွင်း သွားလာနေကြသော မော်တော်ယာဉ် များအား ယနေ့ နံနက်ပိုင်းအချိန်က လိုက်လံအသိပညာပေး စစ်ဆေးဆောင်ရွက်ကြသည်။
အဆိုပါ အသိပညာပေး ဆောင်ရွက်ရာတွင် ဖျာပုံခရိုင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ ထိန်းသိမ်းရေးကော်မတီမှ ဦးဆောင်၍ အမှတ်(၈၀) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (ဖျာပုံ)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူး ယဉ်မင်းသိုက်က မြို့နယ်အတွင်း သွားလာနေကြသော ဆိုင်ကယ် မောင်းနှင်ကြသည့် ပြည်သူများအား ဆိုင်ကယ်မောင်းနှင်ရာတွင် ဆိုင်ကယ်စီးဦးထုပ်အား မေးသိုင်းကြိုး သေချာစွာ တပ်ဆင်မောင်းနှင်ကြရန်နှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးဆိုင်ရာများအား ရှင်းလင်းဆွေးနွေးပြောကြားသည်။ ဖျာပုံမြို့နယ်ရဲတပ်ဖွဲ့ ယာယီရဲမှူး ဌေးနိုင်ဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ် အုပ်ချုပ် ရေးမှူး ဦးရဲလင်းဦး၊ အမှတ် (၈၀) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (ဖျာပုံ)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးနှင့် တပ်ဖွဲဝင်များက ပြည်သူများအား မော်တော်ယာဉ်မောင်းနှင်ရာတွင် ယာဉ်လမ်းစည်းကမ်းနှင့် အညီ စနစ်တကျ မောင်းနှင် စေရေး အသိပညာပေး ဆောင်ရွက်ကြပြီး ဖျာပုံမြို့နယ်အနေဖြင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် အသိပညာပေးခြင်း တို့ကို မြို့နယ်အတွင်းနေ့ရက်အလိုက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)