စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဟုမ္မလင်းမြို့နယ်၊ ချင်းတွင်းမြစ်ကူး တံတား(ထမံသီ) တည်ဆောက်နေမှုများ ကြည့်ရှုစစ်ဆေး

မုံရွာ ဖေဖော်ဝါရီလ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး  ဝန်ကြီးချုပ်  ဦးမြတ်ကျော်သည်  နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ချင်းတွင်း မြစ်ကူးတံတား(ထမံသီ) တည်ဆောက်ရေး ရှင်းလင်းဆောင်သို့ ရောက်ရှိကြသည်။

ရှေးဦးစွာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့ (၂)မှ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးညီညီဇော်က ချင်းတွင်းမြစ်ကူးတံတား (ထမံသီ) တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်း အခြေအနေများနှင့် ပတ်သက်၍ PowerPoint ဖြင့် ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်နှင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတို့အား ဆက်သွယ်ပေးမည့် ချင်းတွင်းမြစ်ကူးတံတား (ထမံသီ) တည်ဆောက်ပြီးစီးပါက လေရှီးမြို့နယ်၊ ဆွမ္မရာမြို့နှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများ လူမှုစီးပွားဘဝနှင့် ဒေသဖွံ့ဖြိုးရေးအတွက် များစွာအကျိုးပြုမည့် တံတားကြီးတစ်စင်းဖြစ်ပါ ကြောင်း၊  တည်ဆောက်ရေး လုပ်ငန်းများ အမြန်ပြီးစီးကာ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေး ကောင်းမွန်အောင် တည်ဆောက်စေလိုပါကြောင်း၊ လုပ်ငန်းပမာဏ ကြီးမားပြီး အချိန်ပြည့်လုပ်ဆောင်နေကြပါ၍ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်း ရေးကိုလည်း သတိပြုစေလိုပါကြောင်း၊ တံတားတည်ဆောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုံခြုံရေးအသိ၊ သတိတို့ဖြင့် ဆောင်ရွက် သွားကြရန်  အသေးစိတ်မှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်  တာဝန်ရှိသူများက  ချင်းတွင်းမြစ်ကူးတံတား(ထမံသီ) တည်ဆောက်နေမှုများနှင့် ချဉ်းကပ်လမ်းဖောက်လုပ်နေမှုတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါ ချင်းတွင်းမြစ်ကူးတံတား (ထမံသီ)သည် ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ပင်းမာ-ထမံသီ-လေရှီးမြို့-ပန်ဆပ်- ဆွမ္မရာမြို့လမ်းပေါ်တွင် ချင်းတွင်းမြစ်ကို ဖြတ်၍ သံကူကွန်ကရစ် တံတားအမျိုးအစား ဖြစ်ပြီး တံတားအရှည် ၈၀၁ မီတာ x၉.၄ မီတာ၊ တံတားအခန်းဖွင့် ၁၂၀ မီတာ၊ သံမဏိသံဘောင် x ၄ ခန်း+ မီတာ ၃၀ ကြိုတင်အားဖြည့်၊ သံကူကွန်ကရစ် ယက်မ x ၁၀ခန်း+ မီတာ၂၀ ကြိုတင်အားဖြည့် သံကူ ကွန်ကရစ် ယက်မ ၁ ခန်း၊ ရေလမ်းကင်းလွတ်အမြင့် ၄၀ ပေ (HFL) အကျယ် ၃၃၈ ပေဖြင့်    တည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး  ဝန်ကြီးချုပ်နှင့်  တာဝန်ရှိသူများသည် ခန္တီးခရိုင် လမ်းဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်နေသည့် ထမံသီ- လေရှီး- ဆွမ္မရာ ကားလမ်း မိုင်တိုင်အမှတ် ၂၀/၂-၂၁/၇ ကြားတွင် ကတ္တရာလမ်း ခင်းကျင်းနေမှု၊ ကွန်ကရစ်ဖျော်စက် လည်ပတ်ထုတ်လုပ်နေမှုနှင့် မိုင်တိုင်အမှတ် ၂၂/၄-၂၃/၂ ကြားတွင်  ကွန်ကရစ်လမ်း ခင်းကျင်းနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့သို့ ရောက်ရှိရာ တာဝန် ရှိသူများနှင့် ဒေသခံတိုင်းရင်းသားများက ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး  ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လေရှီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသော လေရှီးမြို့ မြို့မိမြို့ဖများ၊ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်း များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဆောင်ရွက်နေသည့် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေးဆိုင်ရာ ဆောင်ရွက်နေမှုများ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုများ၊ စားရေရိက္ခာပြည့်ဝရေးအတွက် စိုက်ပျိုးမွေးမြူထုတ်လုပ်ရန် လိုအပ်မှုနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပံ့ပိုးပေးမည့် အခြေ အနေများ၊ ရွှေ့ပြောင်းတောင်ယာစနစ် ပပျောက်ရေး အဆင့်မြင့် တောင်စောင်းလယ်ယာများ ဖော်ထုတ်ကာ ပန်းတိုင်ရည်မှန်းချက် ထွက်ရှိအောင် စိုက်ပျိုးရေး၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးအတွက် ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ လျှပ်စစ်မီးနှင့် သောက်သုံးရေရရှိရေး၊ မြို့ရွာသန့်ရှင်းသာယာ သပ်ရပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းပြောကြား ခဲ့သည်။

ဆက်လက်၍ လေရှီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမောင်က မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ထားမှု အ‌ခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ မိမိတို့ဌာနများအလိုက် နာဂဒေသကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များ ဆောင်ရွက်ပေးနေမှုများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်း ပြောကြားကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လေရှီးမြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများအတွက် ထောက်ပံ့ငွေများအား လည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသူများနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ  ထောက်ပံ့ပေးအပ်သည့် မျိုးစေ့များအား တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ကာ ဒေသခံတိုင်းရင်းသား တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိဂုံးချုပ်စကားပြောကြားကာ အခမ်းအနားသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးပြီး တွေ့ဆုံပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)