မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် အောင်လံမြို့နယ် ကံမလေးဆိုလာလျှပ်စစ် မြစ်ရေတင်စီမံကိန်း စိုက်ပျိုးရေပေးဝေဆောင်ရွက်မှု ကြည့်ရှုစစ်ဆေးကာ၊ ဒေသခံတောင်သူများနှင့်တွေ့ဆုံ

မကွေး ဖေဖော်ဝါရီ ၂

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့် အတူ တိုင်း၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မွန်းလွဲပိုင်းက  အောင်လံခရိုင်၊ အောင်လံမြို့နယ် ကံမလေးဆိုလာလျှပ်စစ်မြစ်ရေတင်စီမံကိန်းသို့ရောက်ရှိပြီး စိုက်ပျိုးရေပေးဝေဆောင်ရွက်မှု ကြည့်ရှုစစ်ဆေးကာ၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့ သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ ကံမလေးဆိုလာလျှပ်စစ်မြစ်ရေတင်စီမံကိန်းသို့ ရောက်ရှိစဉ် ရှင်းလင်းဆောင်၌ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ကံမလေးဆိုလာလျှပ်စစ်မြစ်ရေတင်စီမံကိန်း တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးကြည်လှိုင်ဌေးမှ စီမံကိန်းစတင် အကောင်အထည်ဖော်ဆောင်ရွက်သည့် အခြေအနေများ၊ စိုက်ပျိုးရေပေးဝေဆောင်ရွက်မှု၊  ၂၀၂၃ ခုနှစ် နွေစပါးစိုက်ဧက ၃၀၀ ပြည့်မီရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး၊ တင်ပြချက်များနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ တောင်သူများအား စပါးစိုက်ပျိုးမှုနှင့် ပတ်သက်၍ စိုက်ပျိုးရေး အသိပညာပေး အသေးစိတ်ရှင်းလင်းဆွေးနွေး ပြောကြားကာ၊ တောင်သူများအနေနဲ့ မိမိတို့စိုက်ပျိုးသည့် သီးနှံများဈေးကောင်းရရှိရန် မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုး ဖို့လိုအပ်သလို စပါးတစ်ဧကလျှင် တင်း(၁၅၀)ထိ ထွက်ရှိနိုင်ပြီး တစ်ဧကဝင်ငွေ ပိုမိုရရှိနိုင်သော စပါးမျိုးများကို ရွေးချယ်စိုက်ပျိုးကြရန် လိုအပ်ပါ ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် တောင်သူများ လူမှုစီးပွားဘဝမြင့်မားစေရန် ရည်ရွယ်၍ မြစ်ရေတင် စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြစ်ရေတင် စီမံကိန်းမှ စိုက်ပျိုးရေရရှိနေပြီ ဖြစ်တဲ့အတွက် တန်ဖိုးရှိစိုက်ပျိုးမြေများကို မြေလှပ်မထားဘဲ တစ်နှစ်လျှင်(၃)သီး ရရှိအောင် စိုက်ပျိုးဆောင်ရွက်ကြဖို့၊ မိုးရာသီမှာ မိုးစပါး၊ မိုးနှမ်း၊ ပဲတီစိမ်း သီးနှံများကိုလည်းကောင်း၊ ဆောင်းရာ သီမှာ ကုလားပဲ၊ နေကြာ(သီးညှပ်)နှင့် နွေရာသီမှာ နွေစပါး၊ နွေနှမ်း စသည့်သီးနှံများ စိုက်ပျိုး ဆောင်ရွက် သွားကြဖို့၊ လယ်(၁)ဧက ပိုင်ဆိုင်သည့် တောင်သူ အနေဖြင့် (၂)သီးစိုက်လျှင် (၂)ဧက၊ (၃)သီး စိုက်လျှင် (၃)ဧက ပိုင်သကဲ့သို့ အကျိုး စီးပွားဖြစ်ထွန်းနိုင်သဖြင့် တစ်နှစ်လျှင်(၃)သီး ဝင်ဆံ့အောင် စိုက်ပျိုးဆောင် ရွက်သွားကြဖို့၊ တောင်သူများအနေဖြင့် နိုင်ငံတော်အား အထောက်အကူပြုနိုင်စေရေးကို အလေးထား၍ သီးနှံများ အထွက်တိုးအောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်း စသည်ဖြင့် ပြောကြားသည်။

ထို့နောက် တက်ရောက်လာသောဒေသခံတောင်သူများ၏ စိုက်ပျိုးရေးကဏ္ဍ ဒေသလိုအပ်ချက် ဆွေးနွေးတင်ပြမှုများအပေါ် ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာဌာနတာဝန်ရှိသူများက ပြန်လည်ဆွေးနွေးညှိနှိုင်းဆောင်ရွက်ပေးကာ၊ ကံမလေးဆိုလာလျှပ်စစ်မြစ်ရေတင်စီမံကိန်းမှ စိုက်ပျိုးရေဖြင့် နွေစပါးစိုက်ပျိုးထားရှိမှုအခြေအနေအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မောင်ညီညာ