ငွေဆောင်မြို့တွင် (Stay at Home)ကာလအတွင်း နေအိမ်ပြင်ပသို့ မဖြစ်မနေကိစ္စမှလွဲ၍ သွားလာ ခြင်းမပြုရန် အသိပညာပေးဆောင်ရွက်

ငွေဆောင်   စက်တင်ဘာ   ၂၉

ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စက်တင်ဘာလ(၂၅) ရက် နေ့ ထုတ်ပြန်ချက်အရ (Stay at Home )ကာလအတွင်း ပြည်သူများ နေအိမ်ပြင်ပသို့ မဖြစ်မနေ ကိစ္စများမှလွဲ၍ မလိုအပ်ဘဲ ပြင်ပထွက်ခွာသွားလာခြင်းမပြုရန် အသိပေးကြေညာချက်ကို ပြည်သူ များသိရှိစေရန် စက်တင်ဘာလ၂၆ ရက်နေ့က ငွေဆောင်မြို့အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် အသိပေးကြေညာခဲ့ပြီးနောက် အိမ်ထောင်စုတစ်စုလျှင် ရပ်ကွက်/ကျေးရွာအတွင်း သွားလာခွင့် ကတ်ပြားတစ်ခုထုတ်ပေး ခဲ့သည်။

ယင်းထုတ်ပြန်ကြေညာချက်ကို ငွေဆောင်မြို့ရှိ ပြည်သူများ တိကျစွာလိုက်နာခြင်းရှိ၊ မရှိစစ်ဆေးခြင်းနှင့်အသိပညာပေးခြင်းများကို ယနေ့ နံနက်(၁၀)နာရီက ငွေဆောင်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏဝင်းနှင့်တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ငွေဆောင်မြို့ အမှတ်(၃)ရပ်ကွက်၊ မြို့မလမ်းနှင့် အ.ထ.က ငွေဆောင် ကျောင်းရှေ့လမ်းပေါ်တွင် ဖြတ်သန်းသွားလာနေသော ယာဉ်များအား ရပ်တန့်စေပြီး ရပ်ကွက် အတွင်း သွားလာခွင့်ကတ်ပြား ယူဆောင်လာခြင်း ရှိ ၊မရှိ စစ်ဆေးခြင်း၊ နေအိမ်ပြင်ပသို့ ထွက်ခွာ သည့် အကြောင်းအရာအား မေးမြန်းခြင်း၊ မိသားစုကျန်းမာရေးနှင့် စားသောက်ရေးအတွက် ဈေးဝယ်ခြင်းကိစ္စများမှလွဲပြီး အကြောင်းမဲ့နေအိမ်ပြင်ပထွက်ခွာ သွားလာခြင်းမပြုရန် ပြည်သူများအား အသိပညာပေးခြင်းများ ကို ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

မူမူသွင်(ပြန်/ဆက်)