နတ်မောက် ဖေဖော်ဝါရီ ၂၇
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အခမဲ့ အခြေခံကွန်ပျူတာသင်တန်း ဖွင့်လှစ် ပေးလျက်ရှိသည်။
အဆိုပါသင်တန်း ဖွင့်လှစ်မှုနှင့်ပတ်သက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က “ယနေ့ကမ္ဘာကြီးတွင် နည်းပညာများသည် တစ်စထက်တစ်စ တိုးတက်ပြောင်းလဲလျက်ရှိရာ ကွန်ပျူတာကို ခေတ်နှင့်အညီ လူတိုင်းကျယ်ပြန့်စွာ အသုံးပြုနိုင်စေရန် လုပ်ငန်းများ ပိုမိုမြန်ဆန်ထိရောက်လာပြီး အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ကွန်ပျူတာအခြေခံသင်တန်း ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ နွေရာသီကျောင်းပိတ်ရက် အားလပ်ရပ်များတွင် ကွန်ပျူတာအခြေခံသင်တန်းသို့ တက်ရောက်လိုသော ကျောင်းသား ကျောင်းသူများ အနေဖြင့် လာရောက်သင်ယူလေ့လာနိုင်ပါကြောင်း၊ ယခုတက်ရောက်နေသော သင်တန်းသား/သူများ အနေဖြင့်လည်း သင်တန်းကာလအတွင်း သတ်မှတ်ထားသည့် သင်တန်းအချိန်ဇယားများအတိုင်း အလေးထား သင်ယူ စေချင်ပါကြောင်း၊ ဆက်လက်၍လည်း သင်တန်းများအား ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း” သင်တန်းသား/သူများအား ပြောကြားခဲ့သည်။
အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အခမဲ့ကွန်ပျူတာသင်တန်းကို သင်တန်းသား/သူ စုစုပေါင်း(၁၈)ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းတွင် သင်တန်းနည်းပြအဖြစ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒေါ်ဖြိုးအိအိဇော်က ကွန်ပျူတာအခြေခံဘာသာရပ်များကို နေ့စဉ်နံနက် (၉)နာရီမှ (၁၀)နာရီအထိ သင်ကြား ပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ ဖေဖော်ဝါရီလ (၁၄) ရက်နေ့မှ မတ်လ(၃၁)ရက်နေ့ အထိဖြစ်သည်။
မူမူစန်း