လေးမျက်နှာမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား ဟင်္သာတခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် အဖွဲ့တွေ့ဆုံ အားပေး

လေးမျက်နှာ ဖေဖော်ဝါရီ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား ယမန်နေ့ နေ့လယ်(၂)နာရီအချိန်၌ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် အဖွဲ့မှ အမှတ်(၁) ရပ်ကွက် ဓမ္မဗိမ္မာန်(၂)ထပ်ဓမ္မာရုံတွင် တွေ့ဆုံအားပေးခဲ့ သည်။

ရှေးဦးစွာ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက ကျောင်းသား၊ ကျောင်းသူများအား တက္ကသိုလ်ဝင် တန်း အောင်ချက်မြင့်မားစေရေးနှင့် ရာနှုန်းပြည့် အောင်မြင်စေရေး ကြိုးစားဖြေဆိုကြရန်၊ ဆရာဆရာမများအနေဖြင့် လည်း ကျောင်းသားများအား ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် လေ့ကျင့်သင်ကြားပေးကြစေလိုကြောင်း၊ စာကိုသာမက မိမိတို့ ကျန်းမာရေးကိုလည်း ဂရုစိုက်ကြစေလိုကြောင်း စသည်ဖြင့် အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်ငွေ ကျောင်းသား၊ ကျောင်းသူတစ်ဦးလျှင် (၁၀၀၀)ကျပ်နှုန်းဖြင့် ဖြေဆိုမည့် ကျောင်းသား (၄၆၁)ဦးအတွက် စုစုပေါင်းငွေ (၄၆၁၀၀ဝ)ကျပ်အား မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ငွေဌေးထံသို့ ပေးအပ်ခဲ့ပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးလိုက်လံ၍ အားပေးစကား ပြောကြားခဲ့သည်။

အခမ်းအနားသို့ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ ဟင်္သာတခရိုင် ပညာရေးမှူး ဦးတိုးဝင်း၊ လေးမျက်နှာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်ငွေဌေးနှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများနှင့် စာမေးပွဲဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ သည်။

ကျော်ဟိန်း(ပြန်/ဆက်)